Keys to Business Success

စီးပွားရေးအောင်မြင်ဖို့အတွက်သော့ချက်များ

key.jpg

စီးပွားရေးလုပ်ငန်းအောင်မြင်ကြီးပွားဖို့ဆိုရင် အလုပ်ကြိုးစားတာ၊ ဇွဲလုံ့လရှိတာနဲ့တင် မလုံလောက်ပါဘူး။ ကောင်းမွန်တဲ့ အကြံဉာဏ်တွေရှိရမယ်။ ပေါင်းသင်းဆက်ဆံရေးတွေ ကောင်းရမယ်။ လိုအပ်တဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရမယ်။ လုပ်ငန်းအောင်မြင်ခြင်း(သို့) ကျရှုံးခြင်းက အောက်တွင်ဖော်ပြပေးမဲ့ အဓိကသော့ချက်များကို မှန်ကန်စွာတွေးတောဆုံးဖြတ်နိုင်ခြင်းပေါ်မှာ မူတည်ပါတယ်။

(၁) လုပ်ငန်း၏ အဓိကရည်ရွယ်ချက်

ကိုယ့်လုပ်ငန်းရဲ့အဓိက ရည်ရွယ်ချက်ကဘာလဲ?
စီးပွားရေးလုပ်ငန်းရဲ့ရည်ရွယ်ချက်က အမြတ်ထွက်ဖို့ပဲလို့ လူတွေကပြောကြပါတယ်။ ဒါပေမယ့် ဒါကမမှန်ပါဘူး။ လုပ်ငန်းတစ်ခုရဲ့ အဓိကရည်ရွယ်ချက်ကတော့ Customer အသစ်တွေရဖို့နဲ့ ရှိပြီးသား Customer တွေ မြဲအောင်ကြိုးစားဖို့ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ရဲ့လုပ်ငန်း ရေရည်မှာ အောင်မြင်ဖို့ဆိုရင် ကိုယ့်ရဲ့အချိန်၊ အင်အားတွေ၊ ငွေတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို Customer အသစ်တွေရဖို့နဲ့ ရှိပြီးသား Customers တွေ ဘယ်လိုထိန်းသိမ်းမလည်းဆိုတဲ့အပေါ်မှာ သုံးသင့်ပါတယ်။

(၂) လုပ်ငန်း၏အောင်မြင်မှုများကို အကဲဖြတ်ခြင်း

လုပ်ငန်းတစ်ခုအောင်မြင်တယ်ဆိုတာကို သူရဲ့ ဖောက်သည်တွေ ဘယ်လောက်စိတ်ကျေနပ်မှုရှိလဲ ဆိုတာနဲ့ တိုင်းတာ အကဲဖြတ်ပါတယ်။ ကိုယ့်ရဲ့ ဝန်ဆောင်မှု ကြောင့်ပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းကြောင့်ပဲဖြစ်ဖြစ် မိမိဖောက်သည် တွေစိတ်ကျေနပ်ဖို့က အရေးကြီးပါတယ်။ ဒါမှ ကိုယ့်ကုန်ပစ္စည်း အမှတ်တံဆိပ်အေပါ် သစ္စာရှိဖောက်သည်တွေတိုးပွားလာပြီး သူတို့နဲ့ နီးစပ်တဲ့သူတွေကိုပါ ကိုယ့်ရဲ့ ဝန်ဆောင်မှု၊ ပစ္စည်းတွေကောင်းကြောင်း ပြန်ပြောရလောက်အောင် စိတ်ကျေနပ်မှုပေးနိုင်ဖို့ လိုအပ်ပါတယ်။

(၃) အဓိက လိုအပ်ချက်

လုပ်ငန်းတစ်ခုအောင်မြင်ဖို့ တိုးတက်ကြီးပွားဖို့ အဓိကလိုအပ်ချက်ကတော့ စံနှုန်းပါဘဲ။ စံနှုန်းဆိုတာကတော့ ကိုယ့်ရဲ့လုပ်ငန်းအပေါ်ထားတဲ့စံနှုန်းတင်သာမကဘဲ ကိုယ့်ရဲ့ ကုန်ပစ္စည်း တွေ အပြင် ဖောက်သည်တွေအပေါ်မှာပါထားတဲ့ စံနှုန်းကိုပါ ဆိုလိုတယ်။ အမြဲလိုလိုကိုယ့်ရဲ့ စံနှုန်းကိုမြင့်တင်နိုင်ဖို့ ကြိုးစားရပါမယ်။ ဥပမာ။ ။ ကုန်ပစ္စည်းတွေရဲ့စံနှုန်းဆိုတာက ကိုယ့်ရဲ့ ထုတ်ကုန်ပစ္စည်းတွေ အရည်အသွေး ဘယ်လောက်ကောင်းလဲ၊ ဘယ်လောက်အသုံးခံနိုင်လဲ။ ကိုယ့်ဖောက်သည်တွေ ပေးရတဲ့ဈေးနဲ့ ပြန်ရတာရောတန်ရဲ့လား?

ဒါတွေအမြဲပြန်လည် သုံးသပ်ပြီးကိုယ့််ရဲ့လုပ်ငန်း၊ ကုန်ပစ္စည်းတွေကိုကောင်းသထက် ကောင်းအောင်စံနှုန်းတွေကို မြှင့်တင်ရပါမယ်။

ထို့အပြင် Customer တွေရဲ့စိတ်ကျေနပ်မှု၊ မကျေနပ်မှု ကို တိုက်ရိုက်ဖြေရှင်းပေးရတဲ့ Customer Service ရဲ့ စံနှုန်းကိုလည်းမြှင့်တင်ရပါမယ်။ မြန်မာနိုင်ငံရှိ လုပ်ငန်းတွေမှာ Customer Service အရမ်းအားနည်းတာကိုတွေ့ရပါတယ်။ Customer ရဲ့ Complaint တွေ၊ စောဒဂ တက်တာတွေ လျစ်လျူရှုခြင်း။ ဖြေရှင်းချက်/ Solution ကိုပေးဖို့မကြိုးစားဘဲတစ်ယောက်နဲ့ တစ်ယောက်လွှဲချခြင်း။ ဆက်ဆံရေး မပြေပြစ်ခြင်း စတဲ့ဟာတွေ တွေ့နေပါတယ်။ လုပ်ငန်းတစ်ခု၊ Product တစ်ခုရဲ့ မကောင်းသတင်းတွေက Quality ညံ့တာတစ်ခုထဲတင်မဟုတ်ဘဲ Customer Service တွေမကောင်းရင်လည်း အပြောခံရနိုင်ပါတယ်။

(၄) အဓိကအာရုံစိုက်ရမယ့်အရာ

ဘယ်စီးပွားရေးလုပ်ငန်းဘဲဖြစ်ဖြစ် လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးလူက ပိုင်ရှင်လည်းမဟုတ်သလို ဝန်ထမ်းလည်းမဟုတ်ပါဘူး။ လုပ်ငန်းတိုင်းရဲ့ ပြိုင်ဘက်မရှိအရေးကြီးဆုံးလူက Customer ပဲဖြစ်ပါတယ်။ ဘယ်လုပ်ငန်းမဆို လုံလောက်တဲ့ Customer မရှိဘဲနဲ့ရပ်တည်နိုင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Customer တွေကရွေးချယ်စရာတွေ များတဲ့အတွက် ကိုယ်ကသူများထက်သာတဲ့ Quality ၊ Service တွေပေးနိုင်မှ Customer တွေကသုံးချင်မှာပါ။ အဲ့ဒါကြောင့် လုပ်ငန်းတစ်ခုမှာ Customer တွေနဲ့ပတ်သက်တာတွေကို အဓိကအာရုံစိုက်ပီး လုပ်ဆောင်ရပါမယ်။

(၅) အဓိကမေးခွန်း

ပြဿနာတွေဖြေရှင်းဖို့၊ အခက်အခဲတွေကျော်လွှားနိုင်ဖို့၊ ရည်မှန်းချက်တွေပြည့်မှီဖို့ စတဲ့အထက်ပါအရာတွေဖြစ်လာဖို့ အဓိကအရေးပါတဲ့ မေးခွန်းကတော့ “ဘယ်လို” ဆိုတာဘဲဖြစ်ပါတယ်။
ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲ?
အခက်အခဲတွေကို ဘယ်လိုကျော်လွှားရမလဲ?
ရည်မှန်းချက်တွေ ပြည့်အောင်ဘယ်လိုလုပ်ရမလဲ?
အစရှိတဲ့ မေးခွန်းတွေကို မေးပြီးအဖြေရှာရပါမယ်။ရလာတဲ့ အဖြေအပေါ်မှာအကောင်းဆုံးအားထုတ်ပြီး ကြိုးစားလုပ်ဆောင်သွားမယ်ဆိုရင် လုပ်ငန်းအောင်မြင်ဖို့အတွက် လှေကားတစ်ဆင့်တက်သွားသလိုပါပဲ။

(၆) အဓိကနည်းဗျူဟာ

အချိန်နဲ့အမျှအပြောင်းအလဲတွေများပြီးပြိုင်ဆိုင်မှုပြင်းထန်တဲ့လောကကြီးမှာ ကိုယ့်လုပ်ငန်းအတွက်သာမက ကိုယ်တိုင်အတွက်ပါ ကျင့်သုံးရမဲ့ အဓိကနည်းဗျူဟာကတော့ အမြဲတမ်းအဆက်မပျက် တိုးတက်အောင် ကြိုးစားအားထုတ်နေခြင်းဖြစ်ပါတယ်။ လုပ်ငန်းအတွက်ဆိုရင် ကုန်ပစ္စည်းတွေရဲ့ Quality တွေ၊ ဝန်ဆောင်မှုတွေရဲ့ Quality အပြင်ဝန်ထမ်းတွေရဲ့စိတ်နေစိတ်ထားတွေ၊စွမ်းဆောင်ရည်တွေပါ အမြဲတိုးတက်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ်တိုင်ဆိုရင်လည်းပေါင်းသင်းဆက်ဆံရေးတွေ၊ စိတ်နေစိတ်ထားတွေ၊ အားနည်းချက်တွေကိုလည်း လျော့နည်းအောင်ကြိုးစားသင့်သလို အားသာတဲ့အချက်တွေကိုလည်း ပိုကောင်းအောင်ကြိုးစားရပါမယ်။

(၇) အဓိက ကိန်းဂဏန်း

လုပ်ငန်းတစ်ခုအတွက် အရေးကြီးဆုံးကိန်းဂဏန်းကတော့ Cash Flow (ငွေလည်ပတ်မှု)ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအတွက် သွေးနဲ့ အောက်စီဂျင်က မရှိမဖြစ် အရေးတကြီးလိုအပ်သလို စီးပွားရေးလုပ်ငန်း တစ်ခုမှာ Cash Flow ကလည်း မရှိမဖြစ် အရေးကြီးပါတယ်။ ကိုယ်ရဲ့လုပ်ငန်းတစ်ခုလုံးမှာရှိတဲ့ လုပ်ငန်းစဉ်တွေအကုန် ချောမွေ့စွာ လည်ပတ်နေပေမဲ့လည်း Cash Flow က အကြောင်းကြောင်းကြောင့် ရပ်တည့်သွားမယ် ၊ပြတ်တောက်သွားမယ်ဆိုရင် လုပ်ငန်းက အနှေးနှင့်အမြန် ကျရှုံးနိုင်ပါတယ်။ Cash Flow သာပြတ်တောက်သွားမယ်ဆိုရင် နေ့စားအလုပ်သမားခတွေ ၊ လုပ်ငန်းလည်ပတ်ဖို့အတွက် ကုန်ကျစရိတ်တွေ ၊ Supplier တွေကို ပေးရမဲ့ ကုန်ကြွေးတွေ ပေးချေဖို့ ခက်ခဲတာ အစရှိတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကို မြန်မြန်နဲ့ မှန်မှန် မဖြေရှင်းနိုင်ဘူးဆိုရင် လုပ်ငန်းကို အသေသတ်နိုင်တဲ့ ပြဿနာတွေပါ။

(၈) အဓိကပန်းတိုင်

လုပ်ငန်းတွေရဲ့ အဓိကပန်းတိုင်က ကြီးထွားဖို့၊တိုးတက်ဖို့ ဆိုတာဖြစ်သင့်ပါတယ်။ အဲ့လို ပန်းတိုင်တစ်ခု ထားပြီးရင်လည်း အဲဒါကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အမြဲ တွေးတော လုပ်ဆောင်သွားဖို့ကလည်း လိုအပ်ပါတယ်။ တစ်နှစ် ဒါမှမဟုတ် အချိန်ကာလတစ်ခုအတွင်း ကိုယ့်လုပ်ငန်းကို ဘယ်လောက်တိုးတက်စေ ချင်တယ် ၊ ကြီးထွားစေချင်တယ်ဆိုပြီး တိတိကျကျ ရည်မှန်းချက်ထားပါ။ ထင်သာမြင်သာ ရှိတဲ့ တိုးတက်မှု ၊ ကြီးထွားလာမှုကတော့ အမြတ်အစွန်းဘဲ ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခု အောင်မြင်ဖို့ ကြီးပွားဖို့ဆိုတာက ကံချည်းသက်သက်ကြောင့်မဖြစ်နိုင်ပါ။ အဲ့တော့ကိုယ့်လုပ်ငန်းအောင်မြင်ဖို့ဆိုရင် ခုနကပြောတဲ့ အချက်လက်တွေကို ကောင်းကောင်း အသုံးချနိုင် မချနိုင်ဆိုတာပေါ်မှာ လည်းမှုတည်ပါတယ်။အဲ့တော့ကံကို ယုံကြည်ပြီး ဆူးပုံ မနင်းဘဲနဲ့ အကြံဉာဏ်ကောင်းတွေအပြင် ကိုယ်ရဲ့ဝီရိယတွေကိုပါ လုပ်ငန်းအတွက် ပေးဆပ် ရမှာ ဖြစ်ပါတယ်။