Fear of Foreign Investors in Myanmar

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လက်တွန့်နေတဲ့ မြန်မာပြည်

aung-san-suu-kyi-andrew-hamilton-university-of-oxford.jpg

ဒီနေ့တော့ ရေးနေကျ အသေးစား စီးပွားရေးလုပ်ငန်းတွေအကြောင်းကို မရေးသေးပဲ နိုင်ငံချီပြီး ရေးပါရစေ။ကျွန်တော်တို့ လက်ရှိမြန်မာနိုင်ငံမှာ လူဦးရေစုစုပေါင်း ၅၄ သန်းခန့် ရှိပါတယ်။ ပြီးတော့ လက်ရှိ ၂၀၁၈ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ အသက် ၂၂ နဲ့ ၂၆ ကြား လူဦးရေးက ကျန်တဲ့ အသက်အပိုင်းအခြားတွေနဲ့ယှဉ်ရင် အများဆုံးပဲ။ ပြီးတော့ သဘာဝ သယံဇာတတွေ ပေါများပြီးတော့တည်နေရာအရလည်း စူပါပါဝါ အင်အားကြီးနိုင်ငံ(၂)နိုင်ငံ ဖြစ်တဲ့ တရုတ်နဲ့ အိန္နိယ ကြားမှာ မဟာဗျူဟာကျကျ တည်ရှိပါတယ်။ အဲ့လိုရှိတဲ့အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံ သူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံရပါတယ်။ ဒါပေမဲ့ ဒီနှစ်တွေထဲမှာ ရင်းနှီးမြုပ်နှံမှု ဝင်သင့်သလောက် မဝင်လာတာကိုတွေ့ရပါတယ်။ ဒီနိုင်ငံဟာ သဘာဝသယံဇာတတွေလည်း ပေါများတယ်။ နေရာရော အလုပ်လုပ်နိုင်တဲ့လူအင်အားရောရှိတယ်။ အလားအလာရှိတဲ့ ဖောက်သည်/စာသုံးသူထုကြီးကလည်း ဘေးနားမှာကပ်ရပ်ရှိတယ်။ တည်နေရာကလည်း အရမ်းကောင်းတယ်။ ပင်လယ်ထွက်မလား၊ တရုတ်ကိုသွားမလား၊ အိန္နိယကို သွားမလား? အနောက်ကလာရင် ကျွန်တော်တို့နိုင်ငံဟာ အရှေ့အာရှကိုဝင်တဲ့ ဂိတ်ပေါက်ကြီး။

ဒါပေမဲ့ရင်နှီးမြုပ်နှံ သူတွေ ဘာလို့ မလာကြတာလဲ?

၂၀၁၀နောက်ပိုင်း နိုင်ငံရေးဇာတ်ခုံ အပြောင်းအလဲဖြစ်ပြီး နိုင်ငံက ပိုမို ပွင့်လင်းလာပါတယ်။ နိုင်ငံခြားက ကုန်ပစ္စည်းတွေ အများကြီးဝင်လာသလို နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေရဲ့ မျက်စိကျခြင်းကို ခံရပါတယ်။ ဒါပေမဲ့ တော်တော်များများ ထင်မြင်သုံးသပ်ထားသလိုမျိုး ရင်းနှီးမြုပ်နှံသူတွေဟာ အုံနဲ့ကျင်းနဲ့ ရောက်မလာကြပါဘူး။ အဲ့ဒီတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ လက်တွန့်သွားစေတဲ့ အကြောင်းတချို့ကို စုတုပြုပြီး မြင်သလောက်ရေးကြည့်ပါ့မယ်။

ရခိုင်အရေး

သိကြတဲ့အတိုင်းဘဲ ရခိုင်မှာဖြစ်သွားတဲ့ ကိစ္စတွေကြောင့် နိုင်ငံရေးတွင်သာမက စီးပွားရေးကဏ္ဍမှာလည်း တော်တော် အထိနာခဲ့ရပါတယ်။ ပွင့်လင်းရာသီတွေဆိုရင် လာနေကျ ပြည်ပခရီးသွားတွေ ကျဆင်းလာတာကစပြီး Investor ရောက်မလာတာ အထိပါဘဲ။ ရခိုင်ရဲ့ရိုက်ခတ်မှုကြောင့် နိုင်ငံခြား Investment တွေ ကျဆင်းလာသလို Tourism ကဏ္ဍတွေမှာလည်း တော်တော် အထိနာခဲ့ရပါတယ်။ ပေကပ်ပြီး မြန်မာနိုင်ငံကို Invest လုပ်နေတာဆိုလို့ ဂျပန်ပဲရှိတယ်။

ဥပဒေသစ်၊ အခွန်ကဏ္ဍများ

နောက်ထပ် Investor တွေ ကြောက်တဲ့အရာကတော့ အမြဲပြောင်းလဲနေတဲ့ Policy နဲ့ အခွန်ကြီးမြင့်မှုတွေ ပါဘဲ။ နိုင်ငံခြား Company တွေအနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်လာလုပ်ရတာ မလွယ်ကူလှပါဘူး။ ရှုပ်ထွေးပြီးကြန့်ကြာတဲ့တတ်တဲ့ အစိုးရရုံးကိစ္စတွေ၊ ခဏ ခဏပြောင်းတတ်တဲ့ ဥပဒေ Policy တွေကြောင့် Investor တွေလက်တွန့်ကုန်ကြပါတယ်။

ဘဏ်ချေးငွေရရန် ခက်ခဲခြင်း၊အတိုးနှုန်းကြီးမြင့်ခြင်း

ဘဏ်ချေးငွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကတော့ အရင်ကလည်းပြောခဲ့ဖူးပါတယ်။ အိမ်တွေအပေါင်ပေးနိုင်ရင်တောင် SME Loans တွေရဖို့ ခက်တယ်၊ ချေးငွေလျောက်ရင် ကြာတယ်ဆိုတာတွေပါ။ ဒီပြဿနာကအခုမှမဟုတ်ပါဘူး ကျွန်တော်တို့နိုင်ငံအတွက် နာတာရှည်ရောဂါတခုလိုပါဘဲ အရင်ကတည်းကရှိပြီး နောက်လည်းပျောက်ဖို့ခက်ခဲပါတယ်။ Survey (စစ်တမ်း) တွေအရ ASEAN နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အခြေအနေအဆိုးဆုံးလို့ သိရပါတယ်။

Quality ဝန်ထမ်း/ လုပ်သားရှားပါးခြင်း

မြန်မာနိုင်ငံအတွက် နောက်ထပ်စိန်ခေါ်မှုတခုကတော့ လိုအပ်တဲ့နေရာတွေအတွက် ကျွမ်းကျင်လုပ်သား၊ ဝန်ထမ်းတွေရှားပါးတာဖြစ်ပါတယ်။ အခြေခံအလုပ်သမားတွေသာမက Business, Engineering အစရှိတဲ့ ကဏ္ဍတွေမှာပါမရှိပါဘူး။ အဲ့အတွက် Skill Gap တွေဖြစ်လာတယ်၊ ကုန်ထုတ်အား (Productivity) တွေကျလာပါတယ်။ စစ်တမ်းအရ အခြေခံလုပ်သားမှာ အစ Corporate လုပ်ငန်းကြီးတွေအထိ အလိုအပ်ဆုံး (သို့) လိုအပ်နေဆဲ Skill တွေကတော့

Business Admin (လုပ်ငန်းတစ်ခုကောင်းကောင်းလည်ပတ်ရန် သူ့အပိုင်းနဲ့သူ စီမံခန့်ခွဲနိုင်သူများ ရှားပါခြင်း)

ဟုတ်ပါတယ်၊ စီးပွားရေးလုပ်ငန်းတစ်ခုဆိုတာ အပိုင်းတွေအများကြီးနဲ့ဖွဲ့စည်းထားတာပါ။ ဥပမာ။ ။ Operation ပိုင်း၊ ထုတ်လုပ်ရေးပိုင်း၊ Quality Control ပိုင်း စသဖြင့်။ အဲ့ဒီအပိုင်းတစ်ခုခြင်းဆီမှာ သေချာစီမံခန့်ခွဲပေးနိုင်မယ့် အရည်အချင်းပြည့်မှီတဲ့ Manager တွေလိုပါတယ်။ အရည်အချင်းဆိုတဲ့နေရာမှာ Technical ရော၊ လက်တွေ့ရော၊ စီမံခန့်ခွဲမှုအပိုင်းရော ပြည့်မှီနေတာမျိုးကို Foreign Investor တွေကလိုချင်တာပါ။

Leadership (လုပ်ငန်းခေါင်းဆောင်မှုအပိုင်းကောင်းကောင်းလုပ်နိုင်မယ့်သူမရှိခြင်း ၊ ဥပမာ - CEO လိုမျိုး၊ Regional Officer လိုမျိုး)

နိုင်ငံခြားကုမ္ပဏီတစ်ခုဟာ မြန်မာနိုင်ငံမှာရုံးဖွင့်ပြီဆိုတာနဲ့ အကြီးအကဲနေရာတွေကို သူတို့ရုံးချုပ်က လူတွေနဲ့ ပြည်တွင်းက အရည်အချင်း/အတွေ့အကြုံရှိ/ဝါရင့် ခေါင်းဆောင်နိုင်စွမ်းရှိသူတွေကို တွဲထားချင်ကြတာပါ။ ဒါပေမယ့် စနစ်ကျတဲ့ Corporate လုပ်ငန်းပုံစံမျိုးတွေ အားနည်းခဲ့တဲ့အတွက် အဲ့လိုရာထူးတွေအတွက် သင့်တော်တဲ့သူရှားပါတယ်။

နောက်ထပ်လိုအပ်တာတွေက

Accounting (နိုင်ငံတကာစံနှုန်းမှီ စာရင်းဇယား ပညာရှင်များ နည်းပါးခြင်း)
Engineering (အတွေ့အကြုံရှိ ခေတ်မီကျွမ်းကျင်သော အတတ်ပညာရှင်များ နည်းပါးခြင်း)
Computer Tech (သတင်းအချက်အလက်နည်းပညာပိုင်းတိုးတက်မှု အားနည်းခြင်း)
Customer Service (ကောင်းကောင်းဆောင်ရွက်ပေးနိုင်သော Customer Service ဝန်ထမ်းများရှားပါးခြင်း)

မြန်မာနိုင်ငံက လုပ်ငန်းအများစုရဲ့ Customer Service တွေဟာ ဖုန်းထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ဖောက်သည်ရဲ့ ပြဿနာတွေ၊ Complaint တွေကို One-stop ဖြေရှင်းပေးနိုင်စွမ်းမရှိပါဘူး။ ဖုန်းထဲမှာဆို ပိုဆိုးပါတယ်။ တစ်ခုခုဆို အထက်ကိုတင်ပြပေးထားပါ့မယ်ဆိုတာချည်းပဲ။

ဒီလို Skill labour တွေ ၊ ဝန်ထမ်းတွေရှားပါးခြင်းကြောင့် Internation Business လုပ်ငန်းကြီးတွေ Investor တွေ ဝင်လာသင့်သလောက်ဝင်မလာတာဖြစ်ပါတယ်။

အခြေလိုအပ်ချက်အဆောက်အအုံ (Infrastructure) များမရှိခြင်း၊ အရည်အသွေးမပြည့်မှီခြင်း

အခြေခံလိုအပ်ချက်တွေဆိုတာက ရေ ၊ မီး ၊ နေရာထိုင်ခင်းတွေဖြစ်ပါတယ်။ နေရာတော်တော်များများမှာ ကျွန်တော်တို့နိုင်ငံက မပြည့်စုံပါဘူး။ ရေမမှန်၊ မီးမမှန် သလို လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းပါဘူး။ဒါတွေကအများကြီးစကားပြောပါတယ်။ နိုင်ငံခြားက Production စက်ရုံကြီးတွေလာဆောက်ဖို့၊ Company ကြီးတွေ ဝင်လာဖို့ဆိုရင် ဒီလိုအခြေခံလိုအပ်ချက်တွေ ပြည့်မှီနေမှအဆင်ပြေမှာပါ။ Infrastructure တွေက အိမ်နီးချင်းနိုင်ငံတွေ ၊ ASEAN နိုင်ငံတွေနဲ့ ယှဉ်ရင် မပြည့်စုံပါဘူး။ အဲ့ဒီတော့ ကိုယ့်နိုင်ငံထဲကို ဝင်ရောက်လာနိုင်တဲ့ Investment တွေက သူများတွေဆီရောက်သွားတာပါဘဲ။

အထက်ပါအချက်တွေ မပြည့်စုံသရွေ့တော့ ကျွန်တော်တို့မျှော်လင့်ထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကတော့ ရွှေပြည်တော်မျှော်တိုင်းဝေးနေဦးမှာပါပဲ။

စိတ်ဝင်တစား အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။