Financial Management during Economic Recession

စီးပွားရေးကျဆင်းချိန်မှာ လုပ်ငန်းများတွေအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲခြင်း

Post.jpg

နိုင်ငံစီးပွားရေးကျဆင်းချိန်မှာ လုပ်ငန်းများဘဏ္ဍာရေးစီမံခန့်ခွဲခြင်း

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကျဆင်းတဲ့ အချိန်တွေမှာ နိုင်ငံအတွင်းရှိ ပြည်သူလူထုရဲ့ ဝယ်လိုအားကလည်း ကျဆင်းလာပါတယ်။ ဝယ်လိုအားကျဆင်းသွားတာနဲ့အမျှ လုပ်ငန်းအတော်တော်များများဟာ ဝင်ငွေသိသိသာသာကျဆင်းသွားခြင်း၊ လည်ပတ်ငွေ နှေးကွေးသွားခြင်း စတဲ့အကျိုးသက်ရောက်မှုတွေကို ခံစားရပါတယ်။ တစ်ဆက်တည်းမှာပဲ အမြတ်အစွန်းတွေကို ထိခိုက်လာပါတယ်။

ဒီတော့ စီးပွားရေးကျဆင်းနေချိန်မှာ ကိုယ့်လုပ်ငန်း ရှင်သန်အောင်၊ ဘဏ္ဍာရေးတောင့်တင်းအောင် ဘယ်လိုနည်းလမ်းဗျူဟာ (Strategies) တွေကို အသုံးပြုသင့်သလဲဆိုတာကို ဖော်ပြပေးထားပါတယ်။

ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ စီးပွားရေးနယ်ပယ်ကို စောင့်ကြည့်လေ့လာပါ

ကိုယ်ကျင်လည်နေတဲ့ စီးပွားရေးလောကနဲ့ ပက်သက်သောသတင်းတွေ၊ အခြေအနေတွေကို အမြဲစောင့်ကြည့်ပြီး နားလည်အောင် ကြိုးစားထားပါ

အပြောင်းအလဲတွေ ဖြစ်လာခဲ့ရင်လည်း ကိုယ့်ရဲ့ လုပ်ငန်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ ဆိုတာကိုလည်း အမြဲလေ့လာထားပါ။ အဲလို လေ့လာထားခြင်းအားဖြင့် အရေးကြုံလာရင်ကိုယ့်လုပ်ငန်းနဲ့ ပက်သက်တဲ့ ဆုံးဖြတ်ချက်များကို အမှန်ကန်ဆုံးချမှတ်နိုင်မှာပါ။ ပြီးတော့ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို စာရင်းဝင်ထားပါ (ဥပမာ - မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း/အထည်အလိတ်လုပ်ငန်းရှင်များအသင်း စသည်)။ လုပ်ငန်းနယ်ပယ်တူ ပုဂ္ဂိုလ်တွေ စုဝေးနေတဲ့ အဖွဲ့အစည်းမို့ အကြပ်အတည်းတစ်ခုကို ကျော်လွှားတဲ့အခါ ပိုမို အထောက်အကူဖြစ်ပါတယ်။

ကိုယ့်လုပ်ငန်းရဲ့ နောက်ဆုံး ဘဏ္ဍာရေးအခြေအနေတွေကိုလည်း အမြဲရနိုင်ရန် ကြိုးစားပါ

ပြီးခဲ့တဲ့ နှစ်တွေရဲ့ဘဏ္ဍာရေးစာရင်းရှင်းတမ်းတွေ နဲ့ လက်ရှိအခြေအနေတွေကို နှိုင်းယှဥ်ပါ။ ပြီးတော့ နောက်လာမယ့် အချိန်အပိုင်းအခြားတစ်ခုမှာ ဝင်ငွေဘယ်လောက်ရှိမယ်၊ ကုန်ကျစရိတ်/အသုံးစရိတ်ဘယ်လောက်ရှိမယ်၊ အမြတ်ဘယ်လောက် ရှိမယ်ဆိုတာလည်း ကြိုတင်ခန့်မှန်း တွက်ဆထားသင့်ပါတယ်။ အဲ့လိုတွက်ဆထားခြင်းအားဖြင့် ရလာတဲ့ အခွင့်အလမ်းများအပေါ်တွင် Risk ယူသင့်လား မယူသင့်လား၊ လုပ်ငန်းကို ဆက်တိုးချဲ့မလား၊ Downsizing/ လျှော့ချမလား စတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ အလွန် အသုံးဝင်ပါတယ်။

ငွေကြေးလည်ပတ်မှုများ /Cashflow ကို စီမံခန့်ခွဲခြင်း

Cashflow ကိုသေသေချာချာ စီမံထိန်းကွပ်နိုင်မှ ကိုယ့်လုပ်ငန်းဘဏ္ဍာရေးက တည်ငြိမ်မှာပါ။ အမြတ်အစွန်းရတဲ့ လုပ်ငန်းတစ်ခုဖြစ်နေရင်တောင် Cash Flow Management ညံ့ရင် ငွေပြတ်လပ်တာ၊ ငွေအလျင်မမှီတာတွေ ကြုံရတတ်ပါတယ်။ Cash Flow Management မှာဘာတွေပါလည်းဆိုတော့ ကိုယ့်ရဲ့လုပ်ငန်း လည်ပတ်ဖို့ကုန်ကျစရိတ်တွေ၊ ဝန်ထမ်းလစာတွေအတွက် ငွေအလုံအလောက်ရှိဖို့ ပေးရန် ရရန် အကြွေးများကို သေချာ Manage လုပ်ခြင်း၊ Personal အသုံးစရိတ်၊ လုပ်ငန်းသုံး အပိုစရိတ်များကို ပြန်လည်စိစစ်ခြင်း၊ မလိုအပ်တဲ့စရိတ်များကို လျော့ချခြင်း။ အသုံးစရိတ်ဆိုတဲ့အထဲမှာ Phone Bill, Internet Bill, Electricity Bill, Transportation Charges စတဲ့ နေ့စဉ်အသုံးစရိတ်များကအစ ပါဝင်ပါတယ်။ လုပ်ငန်းက အမြတ်အစွန်းရှိနေတာပဲဆိုပြီး ပေးရမယ့်အကြွေးတွေကို တဘရိတ်တည်း ရှင်းချေလိုက်တာမျိုး မလုပ်ပါနဲ့။ သူဟာနဲ့သူ အချိန်တန်မှ ပေးပါ။ အကြွေးကို Installment Plan နဲ့ပေးနိုင်အောင် အစကတည်းက ညှိနှိုင်းထားပါ။ စီးပွားရေးကျဆင်းချိန်မှာ လက်ထဲမှာ Cash/ ငွေသား ရှိနေဖို့လိုပါတယ်။ ပြီးတော့ ကုန်ကြမ်းပစ္စည်းများကို ဈေးသက်သက်သာသာရစေရန် ကိုယ့်ကို ကုန်ကြမ်းသွင်းသူများနှင့် ဈေးနှုန်းများပြန်လည် ညှိနှိုင်းပါ။ တောင်းခံစရာရှိသော ငွေများကို အချိန်မှန် တောင်းခံပါ။

ကိုယ့်လုပ်ငန်း Processes တွေကိုပြန်လည်သုံးသပ်ပြီး ကိုယ်ကုန်ကျသွားတဲ့ငွေနဲ့ တန်အောင်/ ပိုအလုပ်ဖြစ်အောင် တတ်နိုင်သမျှကြိုးစားရပါမယ်။ ဥပမာ - ကိုယ့်ရဲ့ Product တစ်ခုကို TV Channel တစ်ခုမှာ ငွေအကုန်အကျများစွာခံပြီး ကြေငြာမယ့်အစား ငွေအကုန်အကျသိပ်မများတဲ့ Social Media တွေပေါ်မှာ ကြော်ငြာသလိုပေါ့။

(ဂိုထောင်) ကုန်ပစ္စည်းများအား စီမံခန့်ခွဲခြင်း/ Stock Management

Stock Management ကောင်းရင် အမြတ်အစွန်းတွေ တက်လာတတ်ပါတယ်။ အောင်မြင်တဲ့ Stock Management ဆိုတာ ကုန်ပစ္စည်းထဲထည့်လိုက်ရတဲ့ မိမိကုန်ကျစရိတ်နဲ့ ကုန်ပစ္စည်းပေါ်က ပြန်ရလာတဲ့ အမြတ်တို့ အနေအထားဟန်ချက်ညီတာကို ပြောတာပါ။ ကုန်ကျစရိတ်လို့ပြောတဲ့အခါမှာ ဘာကိုဆိုလိုတာလဲဆိုတော့ ကုန်ပစ္စည်းကြောင့်မြုပ်နေတဲ့ ငွေတွေ၊ သိုလှောင်စရိတ်တွေ၊ သယ်ယူပို့ဆောင်စရိတ်တွေကို ဆိုလိုတာပါ။ Good Stock Management ဆိုတာ ဘယ်လိုကုန်ပစ္စည်းတွေဝယ်ရမယ်၊ ဘယ်လိုအချိန်မှာ ဝယ်ရမယ်၊ ဘယ်လောက်ကြာကြာ လှောင်ထားရမယ်၊ ဘယ်လောက်ပမာဏ ဝယ်ရမယ်ဆိုတာတွေပါပဲ။ ကိုယ်က ကုန်ထုတ်လုပ်တဲ့လုပ်ငန်းဖြစ်နေရင်လည်း မိမိ စက်ရုံက ကုန်ထုတ်လုပ်မှုနှုန်းနဲ့ စျေးကွက် Demand ကိုချိန်ဆပြီးထုတ်လုပ်ပါ။ ရောင်းမထွက်သေးပဲ ဂိုထောင်ထဲမှာငွေအောင်းနေတဲ့ ပစ္စည်းဆိုတာ ဘဏ်တိုးနဲ့တွက်ကြည့်ရင်ရှုံးနေတတ်ပါတယ်။ ကိုယ့်ရဲ့ Cashflow တွေ၊ အမြတ်အစွန်းတွေပေါ်မှာ Stock Management ကတိုက်ရိုက်အကျိုး သက်ရောက်မှုရှိပါတယ်။

Pricing

ကိုယ့်ရဲ့ ကုန်ပစ္စည်းများကို သင့်လျော်တဲ့ဈေးနှုန်း သတ်မှတ်ခြင်းဟာ ကိုယ့်ရဲ့ Customer တွေရဲ့ စိတ်ကျေနပ်မှုအတွက်သာမက ကိုယ့်ရဲ့အမြတ်အစွန်းအတွက်လည်း ကောင်းပါတယ်။ သင့်တော်တဲ့ ဈေးနှုန်းသတ်မှတ်ခြင်းဟာ ဈေးကြီးလွန်းခြင်း၊ ဈေးနည်းလွန်းခြင်းတို့ကြောင့် ဖြစ်လာမယ့် ပြဿနာများကို ရှောင်လွှဲပေးနိုင်ပါတယ်။ စီးပွားရေးကျဆင်းချိန်မှာ ယခင်ထက်အမြတ်နည်းသွားခဲ့လျှင်တောင် Cashflow/ ငွေလည်ပတ်စီးဆင်းမှုကို ရှေးရှုဆောင်ရွက်သင့်ပါတယ်။

ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေထဲကနေ ငွေရနိုင်မယ့် နည်းလမ်းများကိုရှာပါ
ဥပမာ မသုံးဖြစ်တဲ့စက်ပစ္စည်းတစ်ခု ငှားတာမျိုး(သို့) ရောင်းတာမျိုး၊ ပိုနေတဲ့အခန်းတစ်ခန်း ငှားတာမျိုးပေါ့။

ထက်ခိုင် (Business Development Director)