SME Loan in Myanmar & Competitive Advantage

အသစ်ချပေးလိုက်တဲ့ SME Loan နဲ့ပက်သက်၍ ကျွန်တော်၏ အမြင်များ

ehud-neuhaus-698043-unsplash.jpg

မြန်မာနိုင်ငံမှာ အသစ်ချပေးလိုက်တဲ့ SME Loans နဲ့ပက်သက်ပြီး ကျွန်တော်တို့၏ အမြင်များ

လက်ရှိမြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး Japan နိုင်ငံမှ JICA (Japan International Cooperation Agency/ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) အဖွဲ့အစည်းနှင့် မြန်မာအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး SME/ အသေးစားနှင့် အလက်စားကုန်ထုတ်လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးပေးနေပါတယ်။ လက်ရှိသိရတာကတော့ Japan နိုင်ငံကနေ မြန်မာနိုင်ငံရှိSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် ဆိုတဲ့ခေါင်းစဥ်နဲ့ အစိုးရထံသို့ အတိုးနှုန်း (0.01%) နှင့် Repayment Period (ပြန်ဆပ်ချိန်) နှစ် (၄၀)ဖြင့် ငွေချေးပေးထားပါတယ်။ Repayment Period နှစ် (၄၀) မှာတောင် ၁၀ နှစ်က Grace Period ဖြစ်ပါတယ်။ Grace Period ဆိုတာက အတိုးသာပေးဆပ်ရပြီး အရင်းပေးဆပ်ရန်မလိုသေးသော အချိန်ကာလတစ်ခုကိုခေါ်ပါသည်။ မြန်မာနိုင်ငံမှာ ဒီလို SME Loan များကို ၂၀၁၆ ခုနှစ်မှ စတင်ပြီး ချေးပေးခဲ့တာပါ။ ဒီနှစ်မှာတော့တွင် ကျပ်ငွေ ဘီလီယံ ၁၅၀ (ကျပ် သိန်းပေါင်း သိန်း ၁၅ သိန်း) ထိထုတ်ချေးပေးရန် လျာထားကြောင်းလည်း သိရပါတယ်။

ဘယ်ဘဏ်တွေကနေတစ်ဆင့်လျှောက်ကြမလဲ?

SME Loan လျှောက်ရာတွင် Participating Financial Institutes (PFIs)/ တစ်ဆင့်လျှောက်ခွင့်ရှိတဲ့ ဘဏ်တွေကတော့
• AYA Bank
• CB Bank
• First Private Bank
• KBZ Bank
• Myanmar Economic Bank/ မြန်မာ့စီးပွားရေးဘဏ်
• Myanmar Citizen Bank
• United Amara Bank
များဖြစ်ကြပါတယ်။ ဒါကတော့ SME Loan နဲ့ ပက်သက်တဲ့ အကြမ်းဖျင်း အကြောင်းပေါ့ဗျာ။

ကောင်းတဲ့ရည်ရွယ်ချက်ရယ်၊ မြင့်မားတဲ့ အတိုးနှုန်းရယ်

ကျွန်တော်အဓိကပြောချင်တဲ့ အကြောင်းအရာကတော့ SME Loan ရဲ့ Objective နဲ့ Interest Rate တွေအကြောင်းပါ။ SME Loan တွေပေးရတဲ့ အဓိကရည်ရွယ်ချက်က အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ Productivity တွေတက်လာအောင်၊ လုပ်ငန်းပိုကြီးထွားလာအောင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်ဆိုပြီး ပြောထားပါတယ်။ အလွန်ကောင်းမွန်တဲ့ ရည်ရွယ်ချက်တစ်ခုပါ။

ဒါပေမယ့် ပထမဦးဆုံး ပြဿနာတွေ့လာရတာကတော့ အတိုးနှုန်းပဲ (Interest Rate) ဖြစ်ပါတယ်။ SME Loan ရဲ့ အနိမ့်ဆုံး Interest Rate က 8.5% ဖြစ်ပါတယ်။ ကျွန်တော်သိထားတာက JICA အဖွဲ့အစည်းက မြန်မာ အစိုးရကို ချေးပေးထားတဲ့ အတိုးနှုန်းက 0.01% ဖြစ်ပါတယ်။ ဒါပေမယ့် SME တွေအတွက် ငွေထုတ်ချေးတော့ အနည်းဆုံး 8.5% နဲ့ ချေးပေးထားပါတယ်။

ပထမဆုံး Fund Flow လေးအရင်ပြောပြပါမယ်။ Government of Japan / JICA ကထုတ်ပေးတဲ့ချေးငွေတွေကို Myanmar Ministry of Planning and Finance (စီမံ/ ဘဏ္ဍာဝန်ကြီးဌာန) ကလက်ခံယူပါတယ်။ စီမံ/ ဘဏ္ဍာဝန်ကြီးဌာနမှတဆင့် Myanmar Economic Bank (မြန်မာ့စီးပွားရေးဘဏ်) သို့ခွဲဝေချပေးထားပါတယ်။
Myanmar Economic Bank မှတစ်ဆင့် ခုနက ငွေထုတ်ချေးပေးတဲ့ Participating Financial Institutes (PFIs) များဆီရောက်ပါတယ်။ PFIs တွေဆီမှတဆင့် နောက်ဆုံးငွေချေးယူသူ (SME လုပ်ငန်းရှင်များ) လက်ထဲရောက်လာပါတယ်။ အဲဒီမှာ ကျွန်တော်သိပ်နားမလည်တာက Interest Rate 0.01% ကနေ 8.5% ကိုဘာလို့ရောက်သွားသလဲ ဆိုတာပါပဲ။ အဆပေါင်း 850 တောင်ကွာပါတယ်။

ကျွန်တော်တို့မေးကြည့်တဲ့အခါ JICA ကမြန်မာ အစိုးရကို Japan ယန်းငွေနဲ့ ချေးပေးပါတယ်။ အဲ့လိုချေးပေးလိုက်တဲ့အခါမှာ မြန်မာအစိုးရအနေနဲ့ ယန်းကို ကျပ်ငွေအဖြစ်လဲလိုက်တဲ့အခါမှာ Money Exchange Loss တွေခံရပါတယ်။ ပြီးတော့ အတိုးနှုန်းတွေ အဆမတန်တက်သွားရတဲ့ အကြောင်းက ငွေတွေကို စီမံခန့်ခွဲဖို့ အကြံပေးအဖွဲ့တွေ ခန့်ထားရခြင်းလည်းပါဝင်တယ်လို့ သိရပါတယ်။

Interest Rate တွေကို ဒီလိုထောက်ပြပြောဆိုနေရတယ်ဆိုတာက ကျွန်တော်တို့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေဟာ Domestic/ နိုင်ငံတွင်းရှိ လုပ်ငန်းတွေနဲ့ စျေးနှုန်းချင်းပြိုင်မယ်၊ Product ချင်းပြိုင်မယ်ဆိုရင် ကိစ္စမရှိပေမယ့် Interest Rate အရမ်းနည်းတဲ့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံများက ထုတ်လုပ်တဲ့ Product များနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်မယ်ဆိုရင် ကျွန်တော်တို့ဘက်က လုပ်ငန်းရှင်တွေက တိုက်ပွဲမစခင်ကတည်းက ရှုံးနေပါပြီ။ Quality ချင်းတူတူ ထုတ်လုပ်နိုင်ရင်တောင်မှ ဈေးနှုန်းချင်းမယှဉ်နိုင်ပါဘူး။ Product ရော Cost ရော ယှဉ်နိုင်မယ်ဆိုရင်တောင် သူတို့က သာပါတယ်။ ပြန်ဆပ်ရမယ့်အတိုးနှုန်းတွေနည်းတဲ့အတွက် သူတို့ရဲ့ Product Development Project တွေမှာငွေတွေ ပိုသုံးနိုင်မယ်။ Marketing နဲ့ Distribution တွေမှာ ငွေတွေပိုသုံးနိုင်မယ်၊ ကျွန်တော့်နိုင်ငံမှာ အလွန့်အလွန်အားနည်းတဲ့ Product Research ကို သူတို့ပိုလုပ်နိုင်လာမယ်။ အဲတော့ ကျွန်တော်တို့ဘက်က မပြိုင်လည်းရှုံး ပြိုင်လည်းရှုံး အခြေအနေပါ။ International Market တွင်မဟုတ်ဘဲ Local Market ထဲမှာတောင် သူတို့နဲ့ မယှဉ်နိုင်ပါဘူး။ အစိုးရအနေနဲ့လည်း စီးပွားရေးတွေ တိုးတက်လာပီ လုပ်ငန်းတွေ ခေတ်မီလာပီ ဆိုသော စကားလုံးများကို အတွင်တွင် စကားအဖြစ်သုံးမနေသင့်ပါဘူး။ လက်တွေ့ဖြစ်လာနိုင်အောင် အစိုးရအနေနဲ့ အတိုးနှုန်းထားများကို ပြန်လည်စီစစ်သုံးသပ်ကာ လုပ်ငန်းရှင်၊ စီးပွားရေးသမားများကို တတ်နိုင်သလောက် ကူညီပေးသင့်ပါတယ်။ ဒီတော့ အဆုံးသတ်ပြောရရင် စေတနာနဲ့ Loan ရအောင် စီစဥ်ပေးတဲ့ အစိုးရအနေနဲ့ ကိုယ်ချေးပေးတဲ့ SME Loan တွေအမှန်တကယ်ထိရောက်ဖို့ကို ရှေးရှုဆောင်ရွက်စေချင်ပါတယ်။

ရဲရင့် (Client Success), ထက်ခိုင် (Business Development)

Htet Khaing Hla Soe