Importance of Final Account & Balance Sheets

လက်ကျန်ရှင်းတမ်းနှင့် နောက်ဆုံးရှင်းတမ်းအရေးပါပုံ

business-report.jpg

Financial Manager ဆိုတဲ့ ဘဏ္ဍာရေးဆိုင်ရာမန်နေဂျာ (တနည်းအားဖြင့်တော့ အတွေ့အကြုံရင့်/ရာထူးမြင့် Accountant) များဟာ နောက်ဆုံးစာရင်းနှင့် လက်ကျန်ရှင်းတမ်းများကို Company ၏စီးပွားရေးအခြေအနေကို ရှင်းရှင်းလင်းလင်းဖော်ပြရန်အတွက် ပြင်ဆင်ရေးဆွဲကြရပါတယ်။ သူတို့ဟာ တိကျတဲ့ Guidelines များနဲ့ စံနှုန်းများအတိုင်း ပြုလုပ်ကြရပါတယ်။ အထူးသဖြင့် နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ IFRS (International Financial Reporting Standards) နဲ့ မြန်မာနိုင်ငံစာရင်းစစ်ကောင်စီမှချမှတ်ထားတဲ့ MFRS/ မြန်မာနိုင်ငံဘဏ္ဍာရေးဆိုင်ရာတင်ပြပုံ စံနှုန်းများ အတိုင်းရေးဆွဲကြပါတယ်။

ဘဏ္ဍာရေးစာရင်း (Financial Accounts)

နောက်ဆုံးစာရင်း (Final account) ကိုနားလည်ဖို့ဆိုရင်တော့ (Financial Accounts) ဘဏ္ဍာရေးစာရင်းတွေကိုအရင်နားလည်ဖို့လိုအပ်ပါတယ်။ ဒါမှာ ပုံသေစာရင်း (Fixed Asset)၊ ရှယ်ယာစာရင်း (Equity)၊ ပေးရန်စာရင်း (Liabilities)၊ ဝင်ငွေစာရင်း (Revenues) နှင့် အသုံးစရိတ်စာရင်း (Expenses) တို့ပဲ ဖြစ်ပါတယ်။ သင့်ကုမ္ပဏီရဲ့ အငယ်တန်းစာရင်းကိုင် ကသာ Company ရဲ့ငွေဝင်/ငွေထွက်မှန်သမျှကို သူ့ဇယားနဲ့သူ မှန်မှန်ကန်ကန်ရေးသွင်းမယ်ဆိုရင် တိကျတဲ့ ဘဏ္ဍာရေးစာရင်းတစ်ခုရဖို့ဟာ သိပ်ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။

• ပုံသေစာရင်း (Fixed Asset) ဆိုတာ Company ရဲ့ပိုင်ဆိုင်မှုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ ငွေသား၊ စက်ပစ္စည်းကိရိယာ၊ အဆောက်အုံ နဲ့ မြေယာတို့ပါဝင်ပါတယ်။

• ပေးရန်စာရင်း (Liabilities) ဆိုတာကတော့ အကြွေးကိုဆိုလိုပါတယ်။

• ဝင်ငွေစာရင်း (Revenue) က အချိန်ကာလတစ်ခုအတွင်း လုပ်ငန်းလည်ပတ်ရာမှ ရရှိလာတဲ့ ဝင်ငွေပဲဖြစ်ပါတယ်။

• အသုံးစရိတ်စာရင်း (Expense) ဟာ ပြန်မရတော့မယ့် ကုန်ကျစရိတ်တွေပဲဖြစ်ပါတယ်။

• ရှယ်ယာစာရင်း (Equity) ဆိုတာကတော့ ကုိယ့်လုပ်ငန်းထဲကို လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ ရှယ်ယာရှင်လူတွေရဲ့ ထည့်ဝင်တဲ့ငွေကြေးပမာဏ စာရင်းပဲဖြစ်ပါတယ်။

အစမ်းရှင်းတမ်း (Trial Balance)

အစမ်းရှင်းတမ်းဆိုတာ စာရင်းများအားလုံးရဲ့ နောက်ဆုံးပမာဏတွေကို ထည့်သွင်းဖော်ပြထားတဲ့ ၂ မျက်နှာပါ ဘဏ္ဍာရေးအကျဉ်းချုပ်ဖြစ်ပါတယ်။ နောက်ဆုံးဆိုတာ ကာလတစ်ခုရဲ့ အဆုံးမှာရှိတဲ့ စာရင်းကို ဆိုလိုပါတယ်။ ပြောရမယ်ဆိုရင် နှစ်တစ်နှစ်ရဲ့ လေးပုံပုံတစ်ပုံ (သို့) ဘဏ္ဍာနှစ်တစ်နှစ်ကို ပြောတာပါ။ အစမ်းရှင်းတမ်းဟာ ဘဏ္ဍာရေးဆိုင်ရာ မန်နေဂျာများက နှစ်ဘက်စာရင်းသွင်းချက်များ နှင့် နောက်ဆုံးစာရင်းများရဲ့ တိကျမှုတွေကို ပြန်ကြည့်တဲ့အခါမှာ အထောက်အကူဖြစ်စေတယ်။

လက်ကျန်ရှင်းတမ်း (Balance Sheet)

လက်ကျန်ရှင်းတမ်းဆိုတာကတော့ ကုမ္ပဏီအစကနေ လက်ရှိအချိန်ထိ ဘဏ္ဍာရေးအခြေအနေပေါ်မူတည်ပြီး ရေးဆွဲထားတဲ့ အစီရင်ခံစာ ဖော်ပြချက်လို့ သိထားကြတယ်။ ဒီအထဲမှာတော့ ဝင်ငွေထွက်ငွေ၊ အရှုံးအမြတ်သာမကပဲ ကုမ္ပဏီကပိုင်ဆိုင်ထားတဲ့ ပုံသေပစ္စည်းစာရင်း၊ ပေးရန်ရှိစာရင်း နှင့် ရှယ်ယာစာရင်းတွေပါ ထည့်ေပါင်းတွက်ချက်ထားတာပါ။ ဒီတော့ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ တန်ဖိုးလျော့ကျသွားပြီးဖြစ်တဲ့ အဆောက်အဦး/ စက်ပစ္စည်းကိရိယာတွေရဲ့ လက်ရှိပကတိတန်ဖိုးတွေကို ဖော်ပြထားပေးပါတယ်။ ဒါကြောင့်မို့ Balance Sheet ဟာ လုပ်ငန်းရဲ့ ဘဏ္ဍာရေးဆိုင်ရာပကတိအခြေအနေကိုပြပေးပါတယ်။ သတိပြုရမှာက Balance Sheet ဆွဲတဲ့နေရာမှာ ပထမဆုံးဆွဲတဲ့ Balance Sheet က အမှားမပါဖို့ အလွန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်အားဖြင့် နောက်ပိုင်းဆွဲတဲ့ Balance Sheet တွေဟာ အရင်ဟာကို ကြည့်ပြီးပြင်ဆင်ဆွဲရတာမို့ပါပဲ။

အဆုံးသတ် နောက်ဆုံးစာရင်း/ Final Account ဆိုတာကတော့ အချိန်အတိုင်းအတာတစ်ခုကြာတိုင်း (ပုံမှန်အားဖြင့် ၁ နှစ်တစ်ခါ) ဒီ Balance Sheet တွေ၊ Trial Balance တွေကို ကိုယ့်လုပ်ငန်းအခြေအနေကို သုံးသပ်ဖို့၊ ရှယ်ယာရှင်တွေကို တင်ပြဖို့ ရေးဆွဲတာကို ခေါ်ပါတယ်။

ထက်ခိုင် (Business Development) , Emily (Senior Auditor)