Value Added Accounting

စီးပွားရေးလုပ်ငန်းများကို တန်ဖိုးတက်စေတဲ့ Accounting

balloon-high.jpg

စီးပွားရေးလုပ်ငန်း တစ်ခုတိုးတက်လာဖို့ဟာ စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်တွေချရာမှာ ကူညီပေးတဲ့ Business Advisor ရဲ့ အရည်အချင်းပေါ်မှာ များစွာမူတည်ပါတယ်။ ကဲအဲ့တော့ Business Advisor ကို ဘယ်မှာသွားရှာမလဲ?

ရှည်ရှည်ဝေးဝေးစဉ်းစားနေစရာမလိုပါဘူး။ သင့်ရဲ့ Accountant ဟာသင့်ရဲ့ အကောင်းဆုံးသော Businsess Advisor ပါပဲ။

တကယ် Business Knowledge ပြည့်ဝတဲ့ Accountant တွေဟာ သင့်လုပ်ငန်းအတွက် Financial Statement/ ဘဏ္ဍာရေးအစီရင်ခံစာရေးတာထက် ပိုလုပ်နိုင်ကြပါတယ်။ သူတို့တွေဟာ သင့်လုပ်ငန်းတိုးတက်စေဖို့ မဟာဗျူဟာချမှတ်တဲ့အပိုင်းတွေမှာ ကူညီနိုင်ပါတယ်။ တိုးတက်ချင်စိတ်နဲ့ အမြဲဆင်ခြင်တွေးတောနေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ တော်တဲ့ Accountant နဲ့ ပူးပေါင်းဆောင်ရွက်ရင် သင့်လုပ်ငန်းရဲ့ လုပ်ငန်းစဉ်တိုင်းဟာ ပိုမိုထိရောက်လာပြီး ရှေ့အလားအလာကို ကြိုတင်တွက်ဆနိုင်ပါတယ်။ Accountant တွေရဲ့ လုပ်ငန်းတန်ဖိုးတွက်ချက်နည်း/ Business Valuation Techniques တွေ၊ လုပ်ငန်းရဲ့ ငွေရေးကြေးရေးပိုင်းကို ခွဲခြမ်းစိတ်ဖြာပြီး အဆင့်ဆင့်လေ့လာဆန်းစစ်နိုင်တဲ့ ကျွမ်းကျင်မှုတွေဟာ လုပ်ငန်းရှေ့ဆက်ရာမှာ အဟန့်အတားဖြစ်နေတဲ့ အရာတွေကို ရှင်းထုတ်နိုင်ပြီး အခွင့်အလမ်းကောင်းတွေကို ဖမ်းဆုပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

ယနေ့ခေတ်စီးပွားရေးလောကမှာ ယခင်လိုစိတ်ထဲမှာ ကောင်းမယ်ထင်လို့ ကောင်းနိုးရာရာကောက်လုပ်လိုက်တာမျိုး မဖြစ်သင့်တော့ပါဘူး။ ဆုံးဖြတ်ချက်တိုင်းဟာ သတင်းအချက်အလက်နဲ့ ရှိပြီးသား Business Data တွေပေါ်မှာ အခြေခံသင့်ပါတယ်။ Business Data ဆိုတာအကြမ်းထည် အချက်အလက်(ဥပမာ-နေ့စဉ်ရောင်းအား၊ နေ့စဉ်အသုံးစရိတ် စသည်) တွေပါ။ ဒီအကြမ်းထည် Data တွေကို စီးပွားရေး ဆုံးဖြတ်ချက်တွေချရာ/ Decision Making Process မှာကူညီပေးတဲ့ အချက်အလက်/ Information တွေဖြစ်အောင် အဆင့်ဆင့်လေ့လာဆန်းစစ်ရပါတယ်။ ဥပမာ-နေ့စဉ်ရောင်းအားကနေ လစဉ်စာရင်းချုပ်၊ လချုပ်ကနေ နှစ်ချုပ်၊ နှစ်ချုပ်အဆင့်ဆင့်ကနေ ကိုယ်ရဲ့ Financial Position တွေ Growth Index (လုပ်ငန်းတိုးတက်မှုအညွှန်း) တွေကိုတွက်ချက်တာမျိုးပါ။ ဒီလိုမျိုးလုပ်နိုင်တဲ့ အရည်အချင်းဟာလည်း သေချာ Train ထားတဲ့ Accountant တွေဆီမှာပဲရှိပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ပြောနေကြ မလိုအပ်တဲ့စရိတ်တွေပါ။ Analytic Skill မြင့်တဲ့ Accountant တစ်ယောက်ဟာ သူ့တာဝန်သူလုပ်ရင်း သင့်လုပ်ငန်းမှာ မလိုအပ်ပဲအပိုသုံးဖြစ်နေတဲ့ ငွေယိုပေါက်တွေကို ခြေရာခံနိုင်စွမ်းရှိပါတယ်။

ပြီးတော့ Internal ငွေအလွဲသုံးစားလုပ်မှုတွေကိုလည်း ထိထိရောက်ရောက်ဟန့်တားနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာတစ်ခုပြောချင်တာက Accountant ကိုလည်းလွှတ်မထားပါနဲ့။ Accountant ဆိုတာလည်း လူပဲမို့ အခွင့်အရေးပေးရင် စာရင်း ထိန်ချန်တာတွေ၊ လိမ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါမျိုးတွေကို ကာကွယ်ဖို့ကျတော့ Auditor လို့ခေါ်တဲ့ စာရင်းစစ်တွေကို အချိန်တစ်ခုရောက်တိုင်း အပြင်ကခေါ်စစ်စေချင်ပါတယ်။ အရာရာ Check & Balance ပေါ့။

နောက်တစ်ခုက Tax ။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ Income Tax နဲ့ ပက်သက်လို့ တင်းကြပ်တာတွေ၊ နည်းပညာပိုင်းအဆင့်မြင့်တာတွေ ရှိလာပါတယ်။ ဒီတော့လုပ်ငန်းရှင်တွေဘက်က ရပိုင်ခွင့်၊ ကင်းလွတ်ခွင့်တွေ ကနေလည်း မနစ်နာအောင် စာရင်းဇယားပိုင်းကခိုင်မာဖို့လိုပါတယ်။ ဒါကိုလည်း Accountant ကပဲအခွန်ရာသီ မရောက်ခင် ဒါမှမဟုတ် CPA ဆီမတင်ခင် ကြိုတင်ပြင်ဆင်ပေးနိုင်ပါလိမ့်မယ်။

ဒါ့အပြင် Accountant တွေဟာ Business Risks (ရလဒ်ကိုကြိုတင်မှန်းဆလို့မရပဲ စွန့်စွန်းစားစား လုပ်ဆောင်လိုက်ရတဲ့ စီးပွားရေးအကွက်တွေ)ကို အနီးစပ်ဆုံး ကိန်းဂဏန်း/ ရာခိုင်နှုန်းတွေနဲ့ တွက်ဆချင့်ချိန်လို့ရအောင် (Ratio Analysis) ကူညီပေးနိုင်ပါသေးတယ်။ ဒါကြောင့်မို့ လုပ်ငန်းရေရှည်တည်တံ့ ဖို့အတွက် Accountant တွေဟာ အခရာပဲဖြစ်ပါတယ်။

ထက်ခိုင် (Business Development)