Everyday Accounting Tasks

နေ့တိုင်းလုပ်ဆောင်သင့်သော စာရင်းအင်းတာဝန်များ

calculator

စာရင်းလုပ်ရတာ ကျန်တဲ့တာဝန်တွေ အလုပ်တွေလောက် အရေးမကြီးဘူးလို့ လုပ်ငန်းရှင်တော်တော်များများက မြင်တတ်ကြပါတယ်။

ဒါပေမယ့် အောက်တွင်ဖော်ပြပေးမယ့် စာရင်းနဲ့ ပက်သက်သောလုပ်ငန်းစဉ်များကို နေ့စဉ်လုပ်သွားမယ်ဆိုပါက ငွေကွာတာ၊ ငွေပြတ်သွားတာ၊ စာရင်းမကိုက်တာတွေစတဲ့ ခေါင်းခဲစရာအခြေအနေတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ ဘောင်ချာတွေ၊ ပေးရန်ရှိ၊ ရရန်ရှိစာရင်းများ၊ ပစ္စည်းအဝင်အထွက်စာရင်းများ၊ ကုန်ကျစရိတ်များ နေ့စဉ်နဲ့အမျှ မလုပ်နိုင်ပါက အချိန်ကြာလာရင် ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို အမှန်အတိုင်းသိနိုင်ရန် ခက်ခဲလာပါတယ်။ ကိုယ့်လုပ်ငန်း ရှုံးနေသလား၊ မြတ်နေသလား မသိခြင်းဟာ ကိုယ့်လုပ်ငန်းအတွက်မကောင်းပါဘူး။ စာရင်းစာအုပ်တွေဟာ ကိုယ့်လုပ်ငန်းရဲ့ လက်ရှိအခြေအနေကို အမှန်အတိုင်းဖော်ပြပေးနိုင်ပါတယ်။ အဲ့လိုမှမဟုတ်ရင် မသုံးသင့်တဲ့နေရာတွေမှာ ပိုက်ဆံတွေပိုသုံးမိတာမျိုး၊ နောက်တစ်နေရာမှာ ရင်းနှီးနိုင်တဲ့ ပိုက်ဆံတွေ အောင်းမိထားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အခုလိုအဖြစ်မျိုးတွေ မဖြစ်ရအောင် နေ့စဉ် စာရင်းအင်းနဲ့ ပက်သက်ပြီးဘယ်လိုတွေလုပ်သင့်လဲဆိုတာ အောက်တွင်ဖော်ပြပေးထားပါတယ်။

(၁) Refresh Your Financial Data (ငွေရေးကြေးရေးနဲ့ ပက်သက်သော အချက်အလက်များကို Refresh လုပ်ခြင်း)

ကိုယ့်လုပ်ငန်းနဲ့ ပက်သက်သော Financial Data များကို အမြဲတမ်း up-to-date ဖြစ်အောင် Refresh လုပ်ပေးသင့်ပါတယ်။ အဲလိုလုပ်ပေးခြင်းအားဖြင့် လုပ်ငန်း၏ငွေ အဝင်အထွက်၊ ပေးရန်ရှိ၊ ရရန်ရှိစာရင်းများကို အချိန်နှင့် တပြေးညီ သိရှိနိုင်မည်ဖြစ်သည်။

(၂) ဘဏ်ငွေလွှဲများ၊ ဘဏ်စာရင်း ငွေအဝင်အထွက်များကို တိုက်ကြည့်ခြင်းအားဖြင့် အမှားများ၊ အလွှဲများကို အချိန်နဲ့ တစ်ပြေးညီမြင်နိုင်ပါလိမ့်မည်။

(၃) အသုံးစရိတ်များကို အမျိုးအစားခွဲပြီး မှတ်တမ်းတင်ထားပါ

ကိုယ့်ရဲ့ နေ့စဉ် ကုန်ကျစရိတ်၊ အသုံးစရိတ်များကို အမျိုးအစားအလိုက် ခွဲခြားပြီးမှတ်တမ်းတင်ထားပါ။ ဒီနေရာမှာ ကိုယ့်ရဲ့အသုံးစရိတ်ဆိုတာ အရေးကြီးပါတယ်။ မြန်မာပြည်က လုပ်ငန်းရှင်အများစုဟာ ကိုယ့်လုပ်ငန်းပဲဆိုပြီး လုပ်ငန်းထဲကငွေတွေကို စာရင်းမရှိ အင်းမသုံးတတ်ကြပါတယ်။ ဒါက ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခု မဟုတ်ပါတယ်။

(၄) လုပ်ငန်း၏ ထုတ်ကုန်များ (Product)၊ ကုန်ကြမ်းများ အဝင်အထွက် မှတ်တမ်းထားပါ

နေ့စဉ်နေ့တိုင်း ဝင်လာသော ကုန်ကြမ်းများ၊ ထုတ်ကုန်များ၏ အရေအတွက်ကို up-to-date ဖြစ်အောင်အမြဲကြိုးစားပါ။ အဲလိုပဲ ထွက်သွားသော ထုတ်ကုန်များ၊ ကုန်ကြမ်းများကိုလည်း အမြဲမှတ်သားထားပါ။ ကုန်ပစ္စည်းလယ်ဂျာများဖြင့် အမျိုးအစားတစ်ခုချင်းစီခွဲခြားပြီး အဝင် အထွက်စာရင်းများ နေ့စဉ်ရေးသွင်းထားပါ။ အဲလိုလုပ်ထားခြင်းအားဖြင့် ကိုယ့်ကုန်ပစ္စည်းတွေ ဘယ်လောက်ကျန်သေးတယ်၊ ထပ်မှာရမယ်၊ မမှာရဘူး ကုန်ပစ္စည်းတစ်ခုချင်း၏ ရောင်းအား စသည်များကို အမြဲသိနိုင်မှာပါ။

(၅) ရရန်ရှိသော အကြွေးများတောင်းယူခြင်း

ရရန်ရှိသော ပိုက်ဆံများကို အချိန်မှန်တောင်းယူခြင်းသည် လုပ်ငန်းအတွက်အများကြီး အထောက်အကူဖြစ်စေပါသည်။ အချိန်မဆွဲဘဲတောင်းခြင်းအားဖြင့် စာရင်းမကိုက်တာ၊ လွဲတာများရှိလာတဲ့အခါ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ ငွေတောင်းဖို့ နှောင့်နှေးတာနဲ့အမျှ ငွေရဖို့လည်း နှောင့်နှေးတယ်၊ နောက်ထပ်ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ပါ နှောင့်နှေးတယ် ဆိုတာ မမေ့ပါနဲ့။

(၆) ပေးရန်ရှိများကို အချိန်မှီပေးချေခြင်း

ပေးရန်ရှိသောငွေများ၊ အကြွေးများကို မပေးချေမှီ ငွေစာရင်းများ၊ ပစ္စည်းစာရင်းများကို မှန် မမှန်တိုက်ကြည့်သင့်ပါတယ်။ ပေးရန်ရှိသော အကြွေးများ၊ ကုန်ဖိုးများကိုလည်း နောက်မကျစေရန် သေချာမှတ်သားထားပါ။

(၇) စာရင်းများမှတ်တမ်းများကို စာအုပ်ထဲမှာရော၊ Computer ထဲမှာပါ မှတ်ထားပါ

စာအုပ်ထဲမှာ မှတ်ရခြင်းအကြာင်းက Computer virus ဝင်တာပဲဖြစ်ဖြစ်၊ Hardware Failure ဖြစ်တာပဲဖြစ်ဖြစ် Data တွေပျောက်ပျက်သွားရင် စာအုပ်တွေထဲမှာ ပြန်ရှာလို့ရအောင်ဖြစ်ပါတယ်။
Computer ထဲတွင်မှတ်ရခြင်းက စာရင်းတစ်ခုခုကြည့်ချင်တာပဲဖြစ်ဖြစ်၊ စစ်ချင်တာပဲဖြစ်ဖြစ် ထိုစာရင်းအား စာအုပ်တွေကို တစ်ရွက်ချင်းလှန်နေစရာမလိုပဲ အမြန်ဆုံးကြည့်နိုင် သိနိုင်ပါတယ်။
နေ့စဉ်နေ့တိုင်း စာအုပ်မှာရော၊ Computer မှာပါ Data များကိုအမြဲ up-to-date ဖြစ်အောင်ထားထားပါ။

ထက်ခိုင် (Business Development) , ရဲရင့် (Client Success)