Business Myths

စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ခြင်းနှင့် ပက်သက်သော ယုံတမ်းစကားများ

craig-whitehead-253949-unsplash.jpg

စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ရာတွင် မှန်သလိုလိုနှင့် တက်တက်စင်အောင်လွဲနေသော ယုံတမ်းစကားများစွာ ရှိပါတယ်။ အောက်တွင်ဖော်ပြပေးမည့် အကြောင်းအရာများမှာ အဆိုးဆုံးဖြစ်ပြီး လုပ်ငန်းထိခိုက်စေနိုင်ပါသည်။

(၁) လုပ်ငန်းစတင်တည်ထောင်သူ (Founder) များသည် သြဇာအရှိဆုံးသူများဖြစ်သည်။

ဘယ်အဖွဲ့အစည်းမှာမဆို စတင်တည်ထောင်သူများသည် သြဇာအရှိဆုံးသူများဆိုပြီး ယူဆကြပါတယ်။ တကယ်တမ်းတော့ အဲဒီစကားကြီးက အမှားကြီးမှားပါတယ်။ ဘာလို့လည်းဆိုတော့ Founder များသည် ရင်းနှီးမြှပ်နှံသူများ၊ Board အဖွဲ့ဝင်များကို လွန်ဆန်၍ မရနိုင်ပါ။ ရင်းနှီးမြှပ်နှံသူများ၊ Board အဖွဲ့ဝင်များ မရှိဘူးဆိုရင်လည်း အရေးကြီးဆုံးသူတစ်ယောက်ကျန်ပါသေးတယ်။ သူကတော့ ကိုယ့်ရဲ့ Customer (ဖောက်သည်) ပဲဖြစ်ပါတယ်။ Customer တွေသဘောမကျတဲ့ ဘယ်စီးပွားရေးလုပ်ငန်းမဆို အနှေးနဲ့ အမြန်ပြိုလဲမှာပါပဲ။ တကယ်တမ်းတော့ သြဇာအာဏာရှိတာက Customer တွေပဲဖြစ်ပါတယ်။

(၂) “လုပ်ငန်းစစချင်း Founder ကရှိသမျှအလုပ်တွေ အကုန်လုပ်သင့်တယ်”

အခုနောက်ပိုင်းတွေမှာ Startup Business လုပ်ငန်းရှင်တွေပြောတာ အများဆုံးကြားရတဲ့ စကားတစ်ခွန်းပါ။ Digital Marketing လေ့လာဖို့အချိန်မရှိဘူး၊ Customer Development လုပ်ဖို့အတွက် အချိန်မရှိဘူးဆိုပြီး ငြီးကြပါတယ်။ လုပ်ငန်းတစ်ခု စတင်ပြီဆိုတာနဲ့ ကိုယ်တစ်ယောက်ထဲ ရှိသမျှအလုပ်တွေအကုန် လုပ်ချင်နေလို့မရပါဘူး။ အရေးမကြီးပဲ အချိန်ကုန်တဲ့အလုပ်တွေကို အချိန်ကုန်ခံအပင်ပန်းခံပြီး လုပ်နေမယ့်အစား အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့် အလုပ်တွေအပေါ်ကိုပဲ အာရုံစိုက်ပါ။ သူဌေးကိုယ်တိုင်ဝင်ပြီး ခွေးမောင်းနေလို့ မရပါဘူး။

(၃) Risk တွေအများကြီးယူသင့်တယ်

လူတော်တော်များများရဲ့ လက်သုံးစကားဖြစ်ပါတယ်။ စီးပွားရေးလုပ်မှတော့ Risk ယူရမှာပေါ့ ဆိုတာပါ။ လုပ်ငန်းလုပ်တဲ့အချိန်မှာ Risk လုံးဝမယူသင့်ဘူးလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ Risk ယူမယ်ဆိုရင်တောင် သေသေချာချာ တွက်ချက်စဉ်းစားပြီးမှ Risk သေးသေးလေးတွေကိုယူသင့်ပါတယ်။ အလောတကြီး တဇွတ်ထိုးဖြစ်လာမယ့် အကျိုးဆက်တွေ သေချာမတွေးတောပဲ လုပ်လိုက်မယ်ဆိုရင် လုပ်ငန်းအတွက် မကောင်းနိုင်ပါ။ တိုက်တွန်းချင်တာကတော့ Calculated Bets/ Risk Management (တွက်ချက်ပြီးမှ စွန့်စားမှု) လုပ်ပါ။

(၄) အလုပ်ဖြစ်ဖို့က အရေးကြီးတယ် စာရင်းကနောက်မှ

စီးပွားရေးလုပ်ငန်းတစ်ခုဆိုတာ ငွေဝင်နေမှ၊ လုပ်ငန်းလည်ပတ်နေမှ ရှင်သန်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် စာရင်းဇယားတွေကိုတော့ မေ့ထားလို့မရပါဘူး။ စာရင်းဇယားတွေဆိုတာက လုပ်ငန်းတစ်ခုရဲ့ အရေးပါတဲ့အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်း ရှုံးနေသလား၊ မြတ်နေသလား၊ မသိပဲနဲ့ ရှေ့ဆက်ဖို့ဆိုတာမလွယ်ပါဘူး။ လုပ်ငန်းတော့ လည်ပတ်ပါရဲ့၊ ငွေတွေတော့ဝင်နေပါရဲ့ ဘယ်လောက်ဝင်နေလဲမသိရင် လုပ်ငန်းတိုးချဲ့ဖို့အတွက် ဆိုတာ ဆင်ကန်းတောတိုးနေသလိုပါပဲ။

(၅) လူတိုင်းက ကိုယ်နဲ့ အမြင်တူ၊ အကြိုက်တူကြတယ်

ကျွန်တော်တို့တော်တော်များများက လူတိုင်းဟာကိုယ်နဲ့ အကြိုက်တူ၊ အမြင်တူကြတယ်ဆိုပြီး ယူဆကြပါတယ်။ အဲဒါကို “False-consensus affect“ လို့ခေါ်ပါတယ်။ ဥပမာအနေနဲ့ ရှင်းပြရရင် ကိုယ် iPhone ကြိုက်တိုင်း သူများတွေလည်း iPhone ကြိုက်တယ်လို့ ယူဆလို့မရပါဘူး။ အဲဒီတော့ စီးပွားရေးလုပ်ငန်းတစ်ခုမှာလည်း ကိုယ်နဲ့ Customer တွေနဲ့ အမြင်တူ အကြိုက်တူမယ်လို့ ယူဆလို့ မရပါဘူး။ ကိုယ့်လုပ်ငန်းက ထုတ်လိုက်တဲ့ Product တစ်ခုကို ကိုယ်ကြိုက်ပေမယ့် ကိုယ့်ရဲ့ Customer တွေကကြိုက်ချင်မှ ကြိုက်မှာပါ။ အဲဒီတော့ ဝန်ဆောင်မှုလုပ်ငန်းပဲလုပ်လုပ်၊ Product တွေကိုပဲထုတ်ရောင်းရောင်း Customer တွေရဲ့ အကြိုက် သူတို့လိုချင်တာကို ဝန်ဆောင်မှုပေးနိုင်၊ ရောင်းချပေးနိုင်မှ လုပ်ငန်းအောင်မြင်မှာပါ။

(၆) SME Loan တွေ၊ Bank Loan တွေရသလောက်ယူရမယ်

SME Loan တွေ၊ Bank Loan တွေယူလို့ရတယ်ဆိုတာနဲ့ ယူသင့်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ဘဏ်ချေးငွေတွေ ယူမယ်ဆိုရင် မယူခင်သေသေချာချာ စဉ်းစားသုံးသပ်ကြည့်သင့်ပါတယ်။ လတ်တလော ငွေရတာကို မကြည့်ပဲ ပြန်ဆပ်ရမယ့် အကြောင်းကိုလည်း ထည့်စဉ်းစားရပါမယ်။ ရလာတဲ့ငွေကို အသုံးပြုပြီးလုပ်မယ့်လုပ်ငန်းက အတိုးတွေ၊ ချေးငွေတွေကို ပြန်ဆပ်နိုင်၊ မဆပ်နိုင် ဆပ်နိုင်ရင်လည်း အချိန်ဘယ်လောက် အတွင်းဆပ်နိုင်မလဲဆိုတာ တွက်ချက်ကြည့်သင့်ပါတယ်။ Startup လုပ်ငန်းလေးတွေ SME လုပ်ငန်းလေးတွေကျဆုံးရတဲ့ အကြောင်းတွေထဲမှာ အတိုးတွေမပေးနိုင်တာ၊ ချေးငွေတွေ ပြန်မဆပ်နိုင်တာလည်း ပါပါတယ်။

(၇) Product ကအရေးကြီးဆုံးပဲ

လူတွေတော်တော်များများ ပြောကြတဲ့စကားတစ်ခွန်းပေါ့ “Product ကိုသာ Quality ကောင်းကောင်းထုတ် မရောင်းရမှာ/ မအောင်မြင်မှာ မပူနဲ့ဆိုပြီး”။ ဒါပေမယ့် ဈေးကွက်ထဲမှာ တကယ်နေရာတစ်ခုရချင်ရင် ကိုယ့်ရဲ့ Product က Quality တစ်ခုတည်း ကောင်းနေလို့မရပါဘူး။ ကိုယ့်ရဲ့ ပြိုင်ဘက်တွေထက်သာအောင် Marketing တွေဆင်းရမယ်။ Service တွေကိုလည်း သူတို့ထက်သာအောင်ပေးနိုင်ရမယ်။ Quality မကောင်းတဲ့ Product ကို Marketing ဘယ်လောက်ကောင်းကောင်း မအောင်မြင်နိုင်သလို Marketing မကောင်းရင်လည်း Product ဘယ်လောက်ကောင်းကောင်း အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

(၈) ဖောက်သည်ကြီးကြီး၊ လက်ကြီးသမားတွေနဲ့ အလုပ်တွဲလုပ်ရင် ပိုအောင်မြင်မယ်

Startup Business လုပ်ကိုင်သူတိုင်းနီးပါး ဖြစ်ချင်ကြတဲ့အရာပေါ့လေ။ အလုပ်စပြီး လအနည်းငယ်အတွင်းမှာ ဝယ်လက်ကြီးကြီး၊ ဖောက်သည်ကြီးကြီးကို လိုချင်တတ်ကြပါတယ်။ လူတိုင်းကတော့ ဝယ်လက်ကြီး (Huge Potential Customer) လိုချင်ကြတာပါပဲ။ ဒါပေမယ့် အခုမှစလုပ်တဲ့လုပ်ငန်းတွေ တော်တော်များများက Huge Potential Customer တွေ နောက်ကိုလိုက်ရင်း ကျန်တဲ့ Customer တွေကိုမေ့ထားတတ်ကြပါတယ်။ Huge Potential Customer ကိုပဲအချိန်တွေ၊ လူအင်အားတွေ စိုက်ထုတ်ပြီး နောက်ဆုံး Deal မဖြစ်တဲ့အခါမှာ အရမ်းနစ်နာပါတယ်။ Deal ဖြစ်တယ်ပဲထားဦးတော့ ကိုယ်က Small Customer တွေနဲ့အတွေ့အကြုံကောင်းကောင်းမယူခဲ့ဘူးဆိုရင်လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ အခက်အခဲတွေဖြစ်ပြီး တစ်ခါဆက်ဆံ ဆယ်ခါလန် ဖြစ်တတ်ပါတယ်။ အကြံပေးချင်တာကတော့ Medium နဲ့ Small Potential Customer တွေကိုလည်း မေ့မထားသင့်ပါဘူး။

ထက်ခိုင် (Business Development) , ရဲရင့် (Client Success)