Cons of Having Unformatted Accounts

စာရင်း ပုံစံမကျခြင်းရဲ့ ဆိုးကျိုးများ

nik-shuliahin-251237-unsplash.jpg

စာရင်း Format မကျလျှင်ဖြစ်လာနိုင်သောဆိုးကျိုးများ

မြန်မာနိုင်ငံက လုပ်ငန်းအများစုဟာ ဆိုင်မှာ ငွေတစ်ခါဝင်တိုင်း/ထွက်တိုင်းမှတ်တာပဲ ဆိုကြရုံနဲ့ နေ့စဉ်စာရင်းမှတ်ပါတယ်လို့ ပြောကြတာများပါတယ်။ မှတ်တဲ့ပုံစံကြတော့လည်း ဗလာစာအုပ်တစ်အုပ်ထဲမှာ မျဉ်းနှစ်ကြောင်းဆွဲပြီး တစ်ဘက်မှာ ဝင်ငွေမှတ်တယ် ကျန်တစ်ဘက်မှာ ထွက်ငွေမှတ်ကြတယ်။ အဲ့နှစ်ခုခြားနားပြီး ကျန်တဲ့ငွေပမာဏက အံဆွဲထဲကငွေလက်ကျန်နဲ့ ကိုက်ရမယ် ဒါဆိုတစ်နေ့တာပြီးပြီ အဲလိုမှတ်ကြတာများပါတယ်။ အဲဒါက တစ်ရက်တာငွေ အဝင်၊ အထွက်ကို ထိန်းချုပ်ယုံလေးပါပဲ။ ငွေစာရင်းနဲ့ လက်ကျန်ငွေနဲ့ ကိုက်လို့ရတဲ့အခြေအနေပါ။ ငွေတော့ နေ့စဉ်ကိုက်နေပေမယ့် တိတိကျကျမသိနိုင်တဲ့အကြောင်းအရာတွေများပါတယ်။ စာရင်းမှတ်ဖို့ ဝန်ထမ်းတော့ခေါ်ထားပါရဲ့ သူကလည်း Account Format ကိုသေချာမသိပဲ စာရင်းတွေမှားသွင်းတာတွေ၊ စာရင်းခေါင်းစဉ်တွေ သေချာမခွဲနိုင်တာတွေ၊ ဘယ်စာရင်းကိုတော့ ဘယ်လိုသေချာသိမ်းထားရမယ်ဆိုတာတွေ မသိဖြစ်နေရင်တော့ လုပ်ငန်းစာရင်းဟာ မမှန်ကန်နိုင်တော့ပါဘူး။

•   နေ့စဉ် ကိုယ့်ဆိုင်ရဲ့ ရောင်းအားဘယ်လောက်ရှိလဲ
•   လုပ်ငန်းပိုင်းဆိုင်ရာ အသုံးစရိတ်ကရောဘယ်လောက်လဲ
•   ပိုင်ရှင်တွေ ဆိုင်ထဲကနေယူသုံးနေတာ ဘယ်လောက်လောက်ရှိသွားပြီလဲ
•   ဘယ်ပစ္စည်းတွေက ရောင်းအားဘယ်လောက်တက်လာသလဲ
•   ဘယ်ပစ္စည်းတွေက ရောင်းအားကျသွားသလဲ
•   ဘယ်တံဆိပ်တွေက လူကြိုက်များတာလဲ
•   ကိုယ့်ဆိုင်ထဲက ပစ္စည်းတွေလက်ကျန်ရော ဘယ်လောက်အရေအတွက်ထိရှိလဲ
•   ဆိုင်အတွက်သုံးထားတဲ့ ငွေတွေကရော ဘယ်လောက်ရှိနေပြီလဲ
•   လုပ်ငန်းအတွက်သုံးထားတဲ့ငွေပမာဏတော့သိပါရဲ့ ဘယ်အတွက်ဘယ်လောက် ဝင်သွားတာလဲ (ဥပမာ-ကုန်ပစ္စည်းထဲကို ဘယ်လောက်ဝင်လဲ၊ ပြင်ဆင်စရိတ်ထဲကို ဘယ်လောက်ဝင်လဲ၊ စက်ပစ္စည်းတွေဘယ်လောက်ဖိုး ဝယ်မိသလဲ စသည်)

အဲဒါတွေမသိရင်တော့ လုပ်ငန်းအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ အခက်တွေ့နိုင်ပါတယ်။ ကိုယ့်ဆိုင်ရောင်းအားမသိတော့ ပစ္စည်းတွေများများမမှာရဲတာ၊ လုပ်ငန်းတိုးချဲ့ချင်ပေမယ့် မဆုံးဖြတ်ရဲတာ တွေ ဖြစ်လာပါတယ်။

ကိုယ့်လုပ်ငန်း နေ့စဉ်အသုံးစရိတ်တိတိကျကျမသိတော့ မလိုအပ်ပဲကုန်ကျနေတဲ့စရိတ်တွေကို မသိရတာ၊ လျော့ချလိုက်လို့ရမယ့် စရိတ်တွေမစဉ်းစားမိတာ၊ လစဉ်ကိုယ့်လုပ်ငန်း ကုန်ကျစရိတ်ဘယ်လောက် ရှိသလဲမသိရတော့ လက်ထဲငွေဘယ်လောက်လောက်ထားရင် ရနိုင်မလဲမသိဖြစ်ပြီး ထပ်ရင်းနှီးမြှပ်နှံရမလဲမသိ ဖြစ်တတ်ပါတယ်။ ပိုင်ရှင်တွေရဲ့ အသုံးစရိတ်တွေသေချာတိတိကျကျ မမှတ်ထားတော့ လုပ်ငန်းကရောင်းအားကောင်းတယ်၊ အကြွေးလည်းမကျဘဲနဲ့ ဝင်တဲ့ငွေတွေကရောဘယ်ရောက်နေတာလဲ လက်ထဲလဲမရှိဘူး ဘာမှလည်းမဝယ်မိပါဘူး ဆိုတာတွေလည်း ကြုံလာရပါတယ်။

ကိုယ့်ဆိုင်မှာရှိတဲ့ ရောင်းအားကောင်းတဲ့ပစ္စည်းတွေကို မသိတော့ပိုမှာထားရမယ်/ ပိုထုတ်လုပ်ရမယ်ဆိုတာမသိ၊ ရောင်းအားကျသွားတဲ့ပစ္စည်းတွေကရောဘာတွေမှန်းတိတိကျကျ မသိရတော့ ဘာကြောင့်ကျသွားရလဲဆိုတဲ့ အဖြေမရှာဖြစ်၊ မရှာဖြစ်တော့ ထပ်မှာမိတာတွေဖြစ်ကုန်ရော၊ ငွေတွေက အဲဒီပစ္စည်းတွေထဲဝင်သွားတော့ တကယ်တမ်းသုံးရမယ့်နေရာကျတော့ ငွေမရှိဖြစ် အဲလိုတွေလည်း ဖြစ်တတ်ကြပါတယ်။

ကိုယ့်ကုန်ပစ္စည်းလက်ကျန်တွေကို တိတိကျကျ မသိရတော့ ထပ်မှာရတော့မလား/ မမှာရသေးဘူးလား မသိတော့ပါဘူး။ တကယ်တမ်းလည်း အဝယ်တွေကျလာရော ကိုယ့်မှာက အလုံအလောက် ပစ္စည်းကမရှိတော့လို့ မရောင်းလိုက်ရတာမျိုး ကြုံရပါတယ်။ လုပ်ငန်းအတွက်သုံးထားတဲ့ငွေတွေ ဘယ်နှစ်လအတွင်း ဘယ်လောက်တောင်ရှိသွားပြီလဲ တိတိကျကျမသိရတာ တော်တော်ဆိုးတဲ့ အခြေအနေတစ်ခုပါ။ ကိုယ့်လုပ်ငန်းအကြောင်း မိသားစုကမေးလာခဲ့ရင် အဖြေတိတိကျကျ မပေးနိုင်တာဖြစ်လာနိုင်ပါတယ်။

ကိုယ့်လုပ်ငန်းထဲဝင်နေတဲ့ငွေတွေက ကုန်ပစ္စည်းတွေများနေတာလား၊ တခြားနေရာတွေမှာသုံးတာ များနေတာလားမသိရဖြစ်နေရင် ဆုံးဖြတ်ချက်မှားချမိတတ်ပါတယ်။ ကုန်ပစ္စည်းတွေများနေရင် ရောင်းထွက်အောင်ကြိုးစားရပါမယ်၊ စက်ပစ္စည်းဝယ်တာများနေရင် ပြုပြင်သုံးသင့်သုံးရပါမယ်။

ကိုယ့်မိသားစုစီးပွားရေးလုပ်ငန်းပဲ ကျန်တဲ့ငွေ ကိုယ့်ငွေပဲလို့ သဘောထားပြီးစာရင်းဇယားသေချာမမှတ်ရင် နှစ်ကြာလာတဲ့အခါ လုပ်ငန်းတူတွေကတော့ တိုးတက်ကျယ်ပြန့်သွားပေမယ့် ကိုယ့်ကျတော့ အရင်အတိုင်းလေးပဲကျန်နေခဲ့တယ်။ ကိုယ့်မိသားစုထဲကပဲ လုပ်ငန်းခွဲထွက်ချင်တဲ့အခါ တိကျသေချာမှန်ကန်တဲ့စာရင်းဇယားတွေမရှိတော့ ယခင်တုန်းကတော့ ဘယ်လောက်ရင်းလိုက်ရတဲ့အကြောင်း၊ ဘယ်ကုန်သည်တွေကတော့ အကြွေးမကြာတတ်တဲ့အကြောင်း၊ ဘယ်စက်ပစ္စည်းကဘယ်လောက်ကုန်ပြီး ပြင်ဆင်စရိတ်တွေက ဘယ်လောက်ရှိကြောင်း စသည် မသိနိုင်တော့ပါဘူး။ စာထဲမှတ်ထားတော့ ပိုသေချာတဲ့ငွေစာရင်းကို သိနိုင်ပြီး အကောင်းဆုံးအကြံဉာဏ်တွေ ပေးနိုင်ပါတယ်။

ကိုယ့်လုပ်ငန်းအတွက် ဘဏ်ချေးငွေတွေလျောက်ထားချင်တဲ့အခါ လိုအပ်တဲ့ Financial Statement တွေဆွဲချင်ရင်လည်း စာရင်းဇယားတွေ သေသေချာချာ မမှတ်ထားတော့ ဆွဲတဲ့အခါ အခက်ကြုံရတတ်ပါတယ်။ ကဲကိုယ့်မိသားစုကိုပဲ အမြတ်တွေခွဲပေးချင်တော့ ဘယ်သူကို ဘယ်လောက်ပေးရင် အကောင်းဆုံးလဲဆိုတာ မဆုံးဖြတ်နိုင်တော့ပါဘူး။

စာရင်းပိုင်းဝန်ထမ်း ခန့်ထားယုံနဲ့ ကိုယ့်လုပ်ငန်းစာရင်းဟာ Format ကျပါတယ်လို့ ပြောလို့မရပါဘူး။

•   ကိုယ့်လုပ်ငန်း ပေးရန်/ရရန်စာရင်းကို ကိုယ်သိချင်တဲ့အချိန်သိရရဲ့လား
•   ကိုယ့်မှန်းထားသလို ကိုယ့်လုပ်ငန်း မြတ်သလား
•   ကိုယ့်လုပ်ငန်းငွေလက်ကျန်ဘယ်လောက်ရှိလဲ
ဒါတွေ သေချာတိတိကျကျ သိနိုင်ပြီး ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချဖို့အတွက် မှန်ကန်တဲ့ Account Format တစ်ခုလိုပါတယ်။ ဒီတော့ ရှေ့လျှောက်လုပ်ငန်းကို စနစ်တကျ လုပ်လိုလို့ပဲဖြစ်ဖြစ်၊ မိရိုးဖလာသွားနေတဲ့လုပ်ငန်းပုံစံ တစ်ခုကနေ ကုမ္ပဏီအဖွဲ့အစည်းပုံစံ သွားလိုလို့ပဲဖြစ်ဖြစ်၊ ရှယ်ယာရှင်တွေနဲ့လုပ်ကိုင်နေရလို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းတိုးချဲ့ဖို့ပဲဖြစ်ဖြစ် စနစ်ကျပြီး စာရင်ကိုင်စံနှုန်းတွေနဲ့အညီရေးဆွဲထားတဲ့ Account Format တစ်ခုကို အရင်ဆုံးချဖို့ အကြံပေးပါရစေ။


Emily (Senior Accountant & Financial Analyst @ Balance Services)