To Improve your Cash Flow

လုပ်ငန်းလည်ပတ်ငွေ အင်အားတောင့်တင်းဖို့

jonathan-brinkhorst-678133-unsplash.jpg

Small Business တွေမှာ Cash Flow (ငွေလည်ပတ်မှုနှုန်း) တိုးတက်လာစေရန် ပြုလုပ်ရမည့် နည်းလမ်းများ

အခု Article မှာ Small Business တွေရဲ့ Cash Flow တွေတိုးတက်လာအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဒါကတော့လုပ်ငန်းရှင်တွေကို သူတို့လုပ်ငန်းရဲ့ Cash Flow တွေကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စီးပွားရေး ရှုထောင့်ကနေ ပြောပြပေးတာဖြစ်ပါတယ်။

Cash Flow မရှိတဲ့ လုပ်ငန်းတစ်ခုဟာ အသက်မရှိတဲ့ လူတစ်ယောက်လိုပါပဲ။ လုပ်ငန်းတစ်ခုဟာ အမြဲ ဝင်ငွေ/ထွက်ငွေရှိနေရပါမယ်။ စီးပွားရေးလုပ်ရာမှာ လက်ထဲ ငွေရှိတဲ့သူက ဘုရင်ပါပဲ။ ရောင်းကောင်းတယ်ဆိုပြီး ဝယ်လက်တွေကို အကြွေးတွေချည်း ချပေးလို့လည်း အဆင်မပြေပါဘူး။ ဒါဆိုရင် အမှန်တကယ်ဝင်တဲ့ငွေသားမရှိဘူးဖြစ်တဲ့အတွက် ကိုယ်က Supplier တွေဆီပေးချေစရာမရှိတော့ပဲ ကြပ်တည်းသွားနိုင်ပါတယ်။ အဲဒါကြောင့်မို့ လုပ်ငန်းတစ်ခုရဲ့ Cash Flow ကိုကောင်းအောင် စီမံခန့်ခွဲတတ်ဖို့က အရေးကြီးပါတယ်။

ကိုယ့်လုပ်ငန်း Cash Flow ရဲ့ အဓိကအကျဆုံး အစိတ်အပိုင်းကို ရှာဖွေပါ

သင့်လုပ်ငန်းရဲ့ လည်ပတ်ငွေ အများစုက ဘယ် ကုန်ပစ္စည်း/ဝန်ဆောင်မှုကနေလာနေတယ်ဆိုတာသိရပါမယ် (ဥပမာ - ရောင်းအကောင်းဆုံး ကုန်ပစ္စည်း)။ ဒါကိုသိမှ သင့်အနေနဲ့ Cash Flow ပိုကောင်း/ ပိုတိုးတက်လာဖို့ ဘယ်ကုန်ပစ္စည်းကို အာရုံစိုက်ရမယ်ဆိုတာ သိလာမှာပါ။ ဒါကိုသိအောင်မကြိုးစားပဲ Cash Flow ကောင်းအောင် ကုန်ပစ္စည်းတွေ ဇွတ်ရိုက်ရောင်းနေလို့ အဆင်မပြေပါဘူး။

ငွေကိုမြန်မြန်ကောက်ယူခြင်း/ ငွေခံခြင်း

ကိုယ့်ရဲ့ Customers တွေ၊ ဝယ်လက်တွေဆီကနေ ငွေကို မြန်မြန်ဆန်ဆန် ကောက်ယူခြင်း/ ငွေခံခြင်းက ကိုယ့်လုပ်ငန်းရဲ့ Cash Flow တိုးတက်ဖို့ အလွယ်ဆုံးနည်းတစ်ခုပါ။

ပေးစရာရှိသောငွေများ ဆိုင်းထားခြင်း

ကျွန်တော်တို့ စီးပွားရေးကျောင်းမှာတုန်းက ဆရာတစ်ယောက်က ပြောဘူးပါတယ်။ "ကိုယ့်ဖက်က ရစရာရှိတာ မြန်မြန်တောင်း၊ ပေးစရာရှိတာ အချိန်ဆွဲနိုင်သမျှဆွဲ နိုင်တာ Cash Flow ကောင်းဖို့အတွက် အခရာပဲ"။ ဒီတော့ Cash Flow များလာဖို့အတွက်နောက်နည်းလမ်းတစ်ခုက ပေးရန်ရှိသောငွေများကို အချိန်နည်းနည်းပိုဆိုင်းမှ ပေးနိုင်ရန်/ အစောကတည်းက Installment Plan နဲ့ပေးနိုင်ရန် ကိုယ့်ရဲ့ Suppliers တွေနဲ့ ညှိနှိုင်းခြင်းပါ။ ဒါပေမယ့် တစ်ခုသတိထားရမှာက မိတ်ပျက်လောက်အောင်အထိတော့ ငွေတွေ မကြာသင့်ပါဘူး။

Discount ပေးတာတွေ လျော့ချပါ

ကိုယ့်ရဲ့ Cash Flow တွေကို ထိခိုက်စေနိုင်လောက်တဲ့အထိ Discount တွေပေးတာတွေကို တတ်နိုင်သလောက် လျှော့ချထားရပါမယ်။

ငွေကြေးကိုကောင်းမွန်စွာစီမံခန့်ခွဲပါ

“Cash is King in every business” ဆိုသလိုပေါ့။ ငွေဆိုတာက စီးပွားရေးလုပ်ငန်းတိုင်းမှာ အခရာအကျဆုံးပါဘဲ။ Cash Management ကောင်းတဲ့ လုပ်ငန်းတစ်ခုဟာလည်း ရှင်သန်ကြီးပွားဖို့ မခက်ခဲပါဘူး။

ကုန်ကျစားရိတ်များကို ကောင်းစွာစီမံခန့်ခွဲပါ

ကုန်ကျစရိတ်များ၊ တန်ဖိုးများကို ကောင်းကောင်း Manage လုပ်နိုင်ခြင်းသည်လည်း လုပ်ငန်းတစ်ခုရဲ့ အမြတ်အစွန်းတွေ၊ ငွေပေါ်ဖို့ လွယ်လား၊ မလွယ်ဘူးလား၊ Cash Flow တွေကောင်းနိုင်လား၊ မကောင်းနိုင်ဘူးလား အပေါ်တွင် အကျိုးသက်ရောက်မှုများစွာရှိပါတယ်။

Marketing မှတဆင့် အရောင်းများ တက်အောင်လုပ်ပါ

ဒါကတော့ ရှင်းပါတယ်။ ကိုယ့် Products တွေများများရောင်းရလေ၊ ငွေပိုဝင်လေပေါ့ဗျာ။

•  နေရာဒေသအလိုက် Marketing လုပ်ခြင်း
•  လူတွေ Gender တွေ၊ အသက်အရွယ်တွေ အလိုက် Marketing လုပ်ခြင်း
•  Seasonal (ရာသီအလိုက်) Marketing လုပ်ခြင်း
•  Trending (ခေတ်ပေါ်) ဖြစ်နေသော အရာများပေါ်မူတည်ပြီး Marketing လုပ်ခြင်း
အစရှိတဲ့အရာများကို ပြုလုပ်နိုင်ပါတယ်။

လုပ်ငန်းရှင်များအားလုံး Cash Flow နိုင်နင်းကြပါစေ။

ရဲရင့် (Client Success), Emily (Financial Analyst)