Staying Strong during Economic Recession

နိုင်ငံစီးပွားကျဆင်းချိန်တွင် လုပ်ငန်းများ ခိုင်မာရန်

52.jpg

နိုင်ငံစီးပွားရေးကျဆင်းချိန်မှာ အသေးစား နှင့် အလတ်စား လုပ်ငန်းများ ကြံ့ကြံ့ခိုင်ရန်

လုပ်ငန်းတစ်ခုကို ခိုင်မာအောင်လုပ်တယ်ဆိုတဲ့နေရာမှာ ဘဏ္ဍာရေးစီမံခန့်ခွဲတာတွေတင်မကပါဘူး ရှိပြီးသား Customer/ ဖောက်သည် တွေလျော့မသွားအောင်ထိန်းခြင်း၊ Customer တွေ ပိုများလာအောင်လုပ်ခြင်း၊ မိမိရဲ့ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုများကို Marketing ဆင်းခြင်း၊ ဝန်ထမ်းတွေကို Training တွေပေးခြင်း၊ စိတ်အားတက်ကြွအောင် Motivation ပေးခြင်း၊ မိမိလုပ်ငန်းရဲ့ Network ကိုပိုမိုကျယ်ပြန့်စေမယ့် အခွင့်အလမ်းများကိုခြင်း အစရှိတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။ အဲဒီတော့ အခုပြောပြလိုက်တဲ့ နည်းလမ်းများကို အောက်မှာ တစ်ခုချင်းဆီ အကျိုးသင့်အကြောင်းသင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

၁) Customer တွေကို ပထမဦးစားပေး နေရာမှာထားခြင်း

Customer Service ဆိုတာ အလွယ်ပြောရရင် Customer တွေ လိုအပ်တာကို လိုချင်တဲ့အချိန်မှာ ရအောင်လုပ်ပေးတာကို ပြောတာပါ။ ကိုယ်က အရည်အသွေးကောင်းတဲ့ Customer Service ပေးနိုင်ရင် ကိုယ့်ရဲ့ရှိပြီးသား Customer တွေထိန်းသိမ်းနိုင်တဲ့အပြင် Customer အသစ်တွေလည်း တိုးလာနိုင်ပါတယ်။ ဒီတော့ Customer Service ကောင်းကောင်းပေးနိုင်ဖို့ဆိုရင် ဘာတွေလုပ်ကြမလဲ? ထုံးစံအတိုင်း ဝယ်နေကျ၊ သုံးနေကျ Customer တွေအတွက် အထူးဈေးနှုန်းတွေ၊ Special Package များသတ်မှတ်ပေးခြင်း၊ ဥပမာ- လျော့ဈေးပေးတာ၊ ပစ္စည်းလက်ဆောင်တွေပေးတာ။

•  Customer တွေရဲ့ Feedback (တုံ့ပြန်ချက်) များကို အမြဲနားထောင်ခြင်း၊ သူတို့၏ အကြိုက် လိုအပ်ချက်များကို အမြဲသိစေရန်ကြိုးစားခြင်း။

•  Customer တွေရဲ့ လက်တလောလိုအပ်ချက်အလိုက် ကိုယ့်ရဲ့ Product တွေ၊ Services တွေပြောင်းလဲပေးခြင်း။

ဒီနေရာမှာ Customer ရဲ့ လိုအပ်ချက်ကိုလိုက်ပြီး ကိုယ့် Product ကို အလိုက်သင့်ပြောင်းလဲတာနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖြစ်အပျက်တစ်ခုကို ပြောပြပါဦးမယ်၊ ဘင်္ဂလားဒေ့ရှ် ဆိုတော့ သိတဲ့အတိုင်း လူဦးရေက အရမ်းများ၊ နိုင်ငံကလည်းဖွံ့ဖြိုးဆဲဆိုတော့ ဆင်းရဲသားတွေက အတော်များတာ... နိုင်ငံစီးပွားရေးကျချိန်မှာ ဒီဆင်းရဲသားလူတန်းစားက ပုံမှန် 700ml - 800ml ပါတဲ့ ခေါင်းလျှော်ရည်ဘူးတွေကိုဝယ်မသုံးနိုင်ကြဘူး... ပြီးတော့ လူတွေကဆင်းရဲတော့ တစ်ခါသုံးခေါင်းလျှော်ရည်ဆိုတဲ့ အထုတ်လေးတွကို နှစ်ခါ သုံးခါ ခွဲလျှော်ကြရတာ... အဲဒီမှာပြဿနာကစတယ်... ခေါင်းလျှော်ရည်အထုတ်လေးတွေဆိုတာ တစ်ခါလျှော်ပြီး အထုတ်ထဲမှာ ချန်သိမ်းထားဖို့ဆိုတာ အဆင်မပြေလှဘူး/ အလဟသ ဖြစ်ကုန်ကြတာပေါ့... ဒါကို သတိထားမိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ ခေါင်းလျှော်ရည်အထုတ်ထဲမှာပါတဲ့ ပမာဏအတိုင်း ဗူးသေးသေးလေးတွေထုတ်ပြီး ရောင်းလိုက်တဲ့အခါ ဆင်းရဲသားလူတန်းစာကြားမှာ အောင်မြင်သွားတယ်... ဈေးလည်းပေါတယ်၊ နှစ်ခါ သုံးခါ လျှော်လို့ရပြီး ဗူးထဲမှာ အလဟသ မဖြစ်ပဲ ချန်ထားလို့ရတယ်... ဒါပါပဲ ကျွန်တော်ပြောချင်တဲ့ Customer ရဲ့ လက်တလောလိုအပ်ချက်အလိုက် Product ကိုအပြောင်းအလဲလုပ်တယ်ဆိုတာ...

၂) Marketing လုပ်ပုံလုပ်နည်း ဗျူဟာတွေ

ကိုယ့်ရဲ့ ရှိပြီးသား Marketing Strategies များကိုပြန်ပြီးဆန်းစစ်ကြည့်ချင်းအားဖြင့် ရောင်းအားတက်လာ နိုင်စေသော၊ ပိုမိုထိရောက်မှုရှိပြီး ကာလဒေသနဲ့ ကိုက်ညီတဲ့ Marketing Plan တစ်ခုရေးဆွဲဖို့ အကြံဉာဏ်သစ်များ ရရှိနိုင်ပါတယ်။ ပြိုင်ဘက်တွေမှာ မရှိပဲ ကိုယ့်မှာသာရှိတဲ့ ပိုကောင်းတဲ့အချက်တွေကို အခြေခံပြီး Marketing Plan/Strategy ကိုရေးဆွဲသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စီးပွားရေးကျဆင်းမှုကြောင့် ဝယ်လိုအားနည်းနေချိန်မှာ ကိုယ့်ကုန်ပစ္စည်းက ဈေးကွက်ထဲမှာ ဦးဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် Marketing လုပ်ခြင်းဟာ ငွေကုန်ကြေးကျများတဲ့ ကိစ္စတစ်ခုပါ။ စီးပွားကျနေတဲ့အချိန်၊ Cashflow/ လုပ်ငန်းတွင်း ငွေကြေး ကြပ်တည်းနေတဲ့အချိန်မှာဆိုရင် General Audience ကို Target ထားတဲ့ TV Commercial တွေ၊ Billboard တွေအစား ကိုယ်လိုချင်တဲ့ Customer ထုဆီ တိုက်ရိုက်ရောက်မယ့် Social Media/Facebook ကနေ ကြေငြာတာမျိုး၊ လူသိများစေပြီး ငွေကုန်ကြေးကျ နည်းတဲ့ Marketing Strategies များကိုသာပိုပြီးအလေးထား ရွေးချယ်သင့်ပါတယ်။ စောစောက ဥပမာပေးခဲ့တဲ့ TV Commercial တွေ၊ Billboard တွေက မကောင်းဘူးလို့ မဆိုလိုပါဘူး၊ သူတို့က Brand Building (ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခု Customer ရင်ထဲရောက်အောင်တည်ဆောက်ခြင်း) မှာအရေးပါပါတယ်။ ဒါပေမယ့် စီးပွားရေးကျနေတဲ့အချိန် ကိုယ်က ငွေတွေသုံးပြီး Branding လုပ်တော့ကော Demand မှမရှိပဲ။

၃) Networking/ ကွန်ယက်တည်ဆောက်ခြင်း

စီးပွားကျဆင်းနေတဲ့အချိန်မှာ ကိုယ်က (Networking) ကွန်ယက်တည်ဆောက်ထားခြင်းဖြင့် အခြားသူတွေ စီးပွားရေး ဘယ်လိုလုပ်ကိုင်နေကြတယ်၊ ဘယ်လို ကြံ့ကြံ့ခိုင်ရှင်သန်နေကြတယ်ဆိုတာ သိနိုင်မှာပါ။ တစ်ယောက် Network ကတစ်ဆင့် တစ်ယောက် အခွင့်အလမ်းအသစ်တွေ၊ Customer အသစ်တွေ၊ ဝန်ထမ်းတွေ၊ Suppliers တွေ၊ နောက်ဆုံး Business Partners တွေတောင် တွေ့နိုင်ပါတယ်။ အဲ့လိုအချိန်မှာ အခြား အလားအလာရှိတဲ့လုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဝန်မလေးပါနဲ့။

ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ ကိုယ်က Hotel ဖွင့်ထားတယ်ဆိုရင် Travels and Tours လုပ်ငန်းတွေ၊ Taxi Services တွေ၊ စားသောက်ဆိုင် တွေ၊ အခြားမြို့က Hotel တွေနဲ့ ချိတ်ဆက်ထားတာမျိုးပါ။ ဒီနေရာမှာ ကိုယ့်ဖောက်သည် သူ့ဖောက်သည် အပြန်အလှန် Refer/ ညွှန်းပေးနေတာတင်မကပဲ အမြတ်ကိုနည်းနည်းဆီလျှော့ယူကြပြီး Business Alliance (စီးပွားရေးမဟာမိတ်ပေါ့ဗျာ) တွေဖွဲ့ပြီး လုပ်ကိုင်နိုင်ပါသေးတယ်။ နှစ်ယောက်ပေါင်းပြီး Promotion တွေ၊ အထူးဝန်ဆောင်မှုတွေပေးတာမျိုးပေါ့။ ကိုယ်ရော သူရော ဖောက်သည်တွေတိုး Win-Win Situation ပေါ့ဗျာ။ စီးပွားရေးကျဆင်းနေချိန်မှာ အမြတ်များဖို့ထက် ငွေလည်ပတ်နေဖို့က အရေးကြီးတယ်ဆိုတာ ထပ်ပြောပါရစေ။

၄) လုပ်ငန်းထဲကို ဆန်းသစ်တဲ့ အတွေးအခေါ်တွေထည့်ကြည့်ပါ

ဆန်းသစ်တဲ့ အတွေးအခေါ်တွေက ကိုယ့်လုပ်ငန်းကို ပြိုင်ဘက်တွေထက် ခေတ်မီအောင်/ ခွဲထွက်အောက် ကူညီပါလိမ့်မယ်။ ခေတ်နဲ့အညီ ပြောင်းလဲတယ်ဆိုတဲ့နေရာမှာ စက်ပစ္စည်းတွေ Upgrade လုပ်တာမျိုးတွေ (ဥပမာ - အခုရေပန်းစားနေတဲ့ ဝါးပေါ်မှာ Laser Engraving လုပ်ရောင်းတဲ့ လက်မှုပစ္စည်းအရောင်းဆိုင်လေးကိုပဲကြည့်ကြည့်ပါ၊ လက်နဲ့ထွင်းတာထက် လက်ရာပိုသေသပ်သလို၊ အချိန်ကုန် သက်သာပြီး Productivity ပါတက်လာတယ်)၊ ပြီးတော့ Strategy အပြောင်းအလဲလုပ်တာမျိုးတွေ (ဥပမာ - စီးပွားရေးကျဆင်းချိန်မှာ Distribution Channels တွေလျှော့ချပြီး Online ပေါ်ကနေ Direct to Customer/ ကိုယ့် ကုန်ပစ္စည်းကို အမှန်တကယ်သုံးမယ့် End User ဆီ တိုက်ရိုက်ရောင်းတာမျိုး)

၅) ကိုယ့်ဝန်ထမ်းများကို သေချာစီမံကြီးကြပ်ခြင်း

ဝန်ထမ်းတွေရဲ့ တာဝန်တွေ၊ လစာတွေ၊ Bonus တွေကိုအမြဲတိတိကျကျ စီမံခန့်ခွဲထားပါ။ အဲဒါမှကိုယ့်ရဲ့ Product တွေ၊ Service တွေရဲ့ စုစုပေါင်းကုန်ကျစရိတ်တွေကို တွက်ချက်တဲ့နေရာမှာပိုအဆင်ပြေမှာပါ။ ဝန်ထမ်းတွေနဲ့ အမြဲထိတွေ့ဆက်ဆံမှု ရှိပါစေ။ သူတို့ရဲ့အလုပ်အပေါ်ထားတဲ့စိတ်တွေ၊ လုပ်ငန်းနားလည်မှု၊ ကျွမ်းကျင်မှု ရှိ/မရှိ ဆိုတာအမြဲ စောင့်ကြည့်နေသင့်ပါတယ်။ သာမန်အချိန်မှာ အရမ်းကြီး တင်းကြပ်ဖို့ မလိုအပ်ပေမယ့် စီးပွားရေးကျဆင်းနေချိန်မှာ Maximum Efficiency (အလုပ်ထိရောက်မှုအများဆုံး) ရဖို့တွက် ဝန်ထမ်းတွေကို Motivate/ စိတ်အားတက်ကြွအောင်လုပ်ပါ၊ သေချာကြီးကြပ်ပါ။ လိုအပ်ရင် ဝန်ထမ်းတွေကို Training တွေ၊ Workshop တွေ၊ Seminar တွေတက်ခိုင်းပါ။

၆) အကူအညီတောင်းပါ၊ ဆွေးနွေးတိုင်ပင်ကြည့်ပါ

စီးပွားရေးကြပ်တည်းနေတဲ့အချိန်မှာ တတ်ကျွမ်းနားလည်တဲ့သူများနဲ့ ဆွေးနွေးတိုင်ပင်ပြီး သူတို့ရဲ့ အကြံဉာဏ်များကို ရယူသင့်ပါတယ်။ ဥပမာအားဖြင့် Accounting Services တွေကတစ်ဆင့် Financial Forecasting လုပ်တဲ့ အကူအညီတွေရယူတာ၊ Business Advisor ထံမှ အကြံဉာဏ်များတောင်းခံတာမျိုးတွေလုပ်ပါ။ ပြီးတော့ နိုင်ငံရဲ့ Economy ကျဆင်းနေစဥ် နှင့် ကျဆင်းအပြီးမှာ ကိုယ့်ရဲ့လုပ်ငန်း ပြိုလဲမသွားစေရန် ဘယ်လိုလုပ်မလဲဆိုတဲ့ Business Continuity Plan လိုဟာမျိုးကို ကြိုတင်ရေးဆွဲထားပါ။

နောက်မှ Business Continuity Plan ကိုရှင်းတော့မယ်။ ရှည်သွားပြီ။

ထက်ခိုင် (Business Development)