How to find perfect business partner?

ကိုယ်နဲ့ ဆိုးတူကောင်းဘက် လက်တွဲလုပ်မယ့် စီးပွားဖက်တစ်ယောက် ဘယ်လိုရွေးချယ်မလဲ

OB82100.jpg

Business Partner နဲ့ အလုပ်တစ်ခုပူးပေါင်းလုပ်ဆောင်ရာမှာ ရလဒ် (၂) မျိုးသာရှိပါတယ်။ အဲဒါကတော့ လုပ်ငန်းအောင်မြင်တာနဲ့ အဖက်ဆယ်မရအောင် ကျဆုံးတာပါပဲ။

ကျွမ်းကျင်မှုမတူတဲ့သူ၊ အရည်အသွေးတွေမတူတဲ့သူ (၂)ယောက် ပူးပေါင်းလုပ်ဆောင်တဲ့အခါ တစ်ယောက်ချင်းလုပ်တာထက် ပိုပြီးအများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ လေ့လာရမိသလောက်ပြောရရင်တော့ အောင်မြင်တဲ့ အတွဲအဖော်/ Business Partner တွေက အရင်က အလုပ်အတူတူတွဲလုပ်ဖူးတဲ့သူတွေ များပါတယ်။ တစ်ခြားတစ်ဖက်မှာတော့ အိမ်ထောင်ဖက်တွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ တွဲလုပ်ကျတဲ့အခါမှာတော့ တစ်ခါတစ်ရံမှာ စကားအပြောအဆို အဆင်မပြေတာ၊ အလုပ်မှာအဆင်ပြေပြီး အပြင်က Social-Life မှာ Negative Impact တွေဖြစ်နေတတ်ပါတယ်။

ဒီတော့ Business Partner ရှာတဲ့နေရာမှာ ဘယ်လိုအချက်တွေကို အကဲဖြတ်ရမလဲဆိုတာ ကြည့်ကြည့်ရအောင်

၁) ကိုယ်တကယ် သဘောကျတဲ့သူ၊ ယုံကြည်တဲ့သူကိုသာရှာပါ

မယုံမကြည်ဖြစ်ခြင်းဟာ ကျော်လွှားဖို့ခက်ပါတယ်။ ပြီးတော့ Partnership ကိုလွယ်လွယ်နဲ့ ပျက်စီးစေနိုင်ပါတယ်။ ယုံကြည်မှုဆိုတာ အချိန်တစ်ခုပေးပြီး တည်ဆောက်ရပါတယ်။ အဲတော့ ကိုယ်ယုံကြည်ရတဲ့သူ၊ သဘောကျနှစ်ခြိုက်တဲ့သူနဲ့ တွဲလုပ်မှ ရေရှည်မှာ အဆင်ပြေမှာပါ။

၂) ကိုယ်နဲ့ တန်ဖိုးထားတာချင်း တူတဲ့သူမျိုး

Successful Business Partner တွေဟာ ကြိုက်တာ၊ မကြိုက်တာ၊ အကောင်း၊ အဆိုးစတဲ့ အရာတွေပေါ်မှာ ယေဘူယျအားဖြင့် တူညီလေ့ရှိကြပါတယ်။ တန်ဖိုးထားတဲ့ အရာတွေ တူညီတယ်/မတူညီဘူးဆိုတာက အရေးကြီးပါတယ်။ ရည်မှန်းချက်တွေ၊ မိသားစုတွေ၊ အလုပ်တွေ အပေါ်တန်ဖိုးထားတာတွေ တူညီမှအလုပ်လုပ်ရတာ အဆင်ပြေမှာပါ။

၃) ကိုယ်လုပ်မယ့်အလုပ်ကို ပိုမိုကောင်းမွန်ပြည့်စုံအောင် လုပ်ပေးနိုင်တဲ့ အရည်အသွေးများ /Skill များကို ရှိသူကိုရှာပါ

အရည်အသွေးကောင်းများများ ပိုင်ဆိုင်ထားလေလေ အလုပ်အဆင်ပြေဖို့ အခွင့်အရေးများလေလေပါပဲ။ စီးပွားရေးလုပ်ငန်းတိုင်းမှာ အဓိကကျတဲ့ သော့ချက်နေရာ (၃) ခုရှိပါတယ်။

•  Entrepreneur: ဖန်တီးမှုစွမ်းအားကောင်းပြီး အမြော်အမြင်ရှိသောသူ
•  Manager: စီမံခြင်း၊ ကြိုတင်ခန့်မှန်းခြင်းများကို လုပ်ဆောင်အုပ်ချုပ်ပေးသူ
•  Technician လက်တွေ့ကျွမ်းကျင်အတတ်ပညာရှင်

Successful Partnership ဆိုတာက လုပ်ငန်းပူးပေါင်းလုပ်ဆောင်တဲ့သူ (၂)ယောက်မှာ အထက်ပါ အရည်အသွေး (၃)ခုနဲ့ ပြည့်စုံခြင်းကို ကိုယ်စားပြုပါတယ်။

၄) အပေးအယူရှိသော၊ အပေးအယူမျှသောသူကိုသာ ရှာဖွေပါ။

ဥပမာပေးရမယ်ဆိုရင် အိမ်ထောင်ရေးတစ်ခုလိုပဲ (၂)ဦးသား အပေးအယူမျှမှ သာယာတဲ့ အိမ်ထောင်ရေးဖြစ်မှာပါ။ Business Partner တွေမှာလည်း အဲလိုပါပဲ အတ္တမကြီးပဲ အပေးအယူမျှတမှ ရေရှည်လက်တွဲ လုပ်နိုင်မှာပါ။

၅) ကိုယ်နဲ့အတူတူပြောင်းလဲရင့်ကျက်လာနိုင်မယ့်လူမျိုး

ကျွန်တော်တို့ဟာ မွေးဖွားလာချိန်ကနေစပြီး ပြောင်းလဲခြင်းဆိုတဲ့ Process တစ်ခုကိုအမြဲတမ်း ကြုံတွေ့နေကြရပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ပြောင်းလဲသွားတယ်ဆိုတာတောင် မသိလိုက်ပါဘူး။ အချို့ကြတော့လည်း ပြောင်းလဲခြင်းဆိုတာ လက်ရှိအနေအထားကိုခြိမ်းခြောက်နေတဲ့ အရာတစ်ခုလို့လည်း မြင်တတ်ကြပါတယ်။ အောင်မြင်တဲ့ Partners တွေကတော့ပြောင်းလဲခြင်းတွေကို လက်ခံယူပြီးအတူတူရင့်ကျက်ကြီးထွား လာကြပါတယ်။ အဲလိုတွေလုပ်ခြင်းဟာ တစ်ယောက်ချင်းစီအတွက်သာမက Team အတွက်လည်းအကျိုးများစေပါတယ်။

၆) နှစ်ယောက်ကြား ဖြစ်လာနိုင်တဲ့ သဘောထားကွဲလွဲမှုတွေကို ကြိုတင်ချိန်ဆပြီး စီမံနိုင်တဲ့သူကိုရှာပါ

အလုပ်တူတူတွဲလုပ်နေကြတဲ့ လူ (၂) ယောက်အတွက် ပြဿနာတွေ၊ ဖြေရှင်းစရာတွေရှိလာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် မာနတွေပြိုင်ပြီးအငြင်းပွားတာ၊ တစ်ယောက်နဲ့ တစ်ယောက်ရှောင်နေတာတွေက Conflict Management ကောင်းမဟုတ်ပါဘူး။ Successful Partners တွေက Conflict တွေဖြစ်လာပြီဆိုရင် လိုက်လျောမှုတွေ၊ ညှိနှိုင်းမှုတွေနဲ့ ဆောင်ရွက်နိုင်မှသာ အဆင်ပြေမှာပါ။

၇) ရေတို-ရေရှည် လုပ်ငန်းအပေါ်မှာထားတဲ့ အမြင်ချင်းတူသူကိုရှာပါ

လုပ်ငန်းအပေါ်မှာ သူရည်မှန်းထားတဲ့ပုံစံက တစ်မျိုး ကိုယ်ကတစ်မျိုးဆိုရင် Conflict တွေဖြစ်လာနိုင်ပါတယ်။ အဲလိုတွေဖြစ်လာတဲ့အခါမှာ အလုပ်ကို ထိခိုက်လာနိုင်ပါတယ်။ အလုပ်မစခင်ကတည်းက သူအလုပ်အပေါ်မှာထားတဲ့ ရည်မှန်းချက်အမြင်နဲ့ ကိုယ်ထားတဲ့အမြင် တူ၊ မတူလေ့လာသင့်ပါတယ်။

၈) ကိုယ်နဲ့ဆိုးတူကောင်းဖက် အဆုံးထိ ရင်ဆိုင်မယ့်သူကိုရှာပါ

လုပ်ငန်းတွေ ခက်ခဲလာတဲ့အခါ၊ ကြပ်တည်းလာတဲ့အခါမှာ ကိုယ်လွတ်ရုန်းထွက်ပြေးတာမျိုး၊ အရှုံးပေးသွားတာမျိုးတွေ မလုပ်ပဲ ကိုယ်နဲ့အတူတူ ပြဿနာပြေလည်တဲ့အထိ ရင်ဆိုင်ဖြေရှင်းပေးမယ့်သူမျိုး၊ အားပေးမယ့်သူမျိုးကို ရှာပါ။

သင့်တော်တဲ့ ကောင်းမွန်တဲ့ Business Partner တစ်ယောက်ရှိခြင်းက လုပ်ငန်းကိုအကောင်းဆုံး အထောက်အကူပြုပြီး တစ်ယောက်တည်းလုပ်တာထက် တိုးတက်ကြီးပွားစေနိုင်ပါတယ်။ အပေါ်မှာဖော်ပြထားတဲ့ Strategies တွေအသုံးပြုရင်းကိုယ်နဲ့ ကောင်းအတူ၊ ဆိုးအတူ လက်တွဲလုပ်နိုင်မယ့် Partner ကောင်းများရကြမယ်လို့ မျှော်လင့်ပါတယ်။

အားလုံးပဲ ကံကောင်းကြပါစေ။

ထက်ခိုင် (Business Development), ရဲရင့် (Client Success)